ကျိုက်မရော၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသရဲ့ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၂ ဦးသေဆုံးပြီး ၂၈ ဦး လက်နက်ချအညံ့ခံတယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကစလို့ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို KNLA၊ PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတွေကတိုက်ခိုက်ခဲ့တာပါ။

နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီမှာ ချောင်းနှစ်ခွစခန်းနဲ့ တံတားဂိတ်စခန်းကို စစ်ကူလာတဲ့ တပ်မ – ၂၂ လက်အောက်ခံ ခလရ(၈၁) စစ်ကြောင်းနဲ့ SOF စစ်ကြောင်းတို့ကြား ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးမှာ ထိတွေ့ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဘုရားကုန်းမှာနေရာယူထားတဲ့ စစ်ကောင်စီ အင်အား ၅၄ ဦးရှိတဲ့ စစ်ကြောင်းနဲ့ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးနဲ့ ဒုဗိုလ်တစ်ဦး ၂ ဦး စနိုက်ပါထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ဖက်ထေးကုန်းကျေးရွာရဲ့ ဘုရားကုန်းနေရာမှာ ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး အရှင်ဖမ်းမိခဲ့ကာ ၁၂ ဦး ထွက်ပြေးပုန်းအောင်းနေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ရှင်းလင်းခဲ့တာကြောင့် ၅ ဦး သေဆုံးပြီးလက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

နှစ်တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့များမှ ရဲဘော် ၃ ဦး ကျဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီထံက လက်နက်မျိုးစုံ ၅၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.