“အိမ်ထဲမှာပိတ်မိနေတာ။ ထမင်းတွေလည်း ငတ်၊ ရေလည်း မချိုးရ၊ ကိုယ်အိမ်နားမှာပဲ လက်နက်ကြီးတွေကျ တယ်။ အသံကတော့ ဆူညံနေတာပဲ။ အိမ်ထဲ မှာဘာသံမှ မထွက်ရဲဘူး။ လုံခြုံတဲ့နေရာမှာပဲ ပုန်းနေရတာပေါ့”
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာကနေ နိုဝင်ဘာ ၁၀ ရက်နေ့ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေရသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။ ချောင်းနှစ် ခွတိုက်ပွဲ အခြေအနေ၊ တိုက်ပွဲအတွင်း အရပ်သား ပြည်သူတွေ ပိတ်မိနေမှု၊ ခက်ခက်ခဲခဲထွက်ပြေးလာရတဲ့ အတွေ့အကြုံ၊ လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ချောင်းနှစ်ခွကျေးရွာ စစ်ရှောင်ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ ချောင်းနှစ်ခွတိုက်ပွဲ ဘယ်လိုစဖြစ်တာလဲ။ စစ်ကောင်စီဘက်က ဘယ်အချိန် ကစပြီး လေကြောင်းအသုံးပြု တိုက်ခိုက်လာတာလဲ။
ဒေသခံ – မနက်လေးနာရီခွဲတည်းက ဗုံးတွေစပစ်ခတ်မှုတွေက တစ်နေ့လုံးပဲ။ ၁၁ရက်နေ့ကျလေကြောင်းမဆင်း ဘူး။ လက်နက်ကြီးတွေ၊ လက်နက်အသေးတွေ အစုံပဲပစ်တယ်။ အိမ်ထဲမှာပိတ်မိနေတာ။ ထမင်းတွေလည်း ငတ်၊ ရေလည်း မချိုးရ၊ ကိုယ်အိမ်နားမှာပဲ လက်နက်ကြီးတွေကျတယ်။ အသံကတော့ ဆူညံနေတာပဲ။ အိမ်ထဲ မှာဘာသံမှ မထွက်ရဲဘူး။ လုံခြုံတဲ့နေရာမှာပဲ ပုန်းနေရတာပေါ့။
သံလွင်တိုင်းမ်- တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာဒေသခံတွေ ပိတ်မိနေတဲ့အခြေအနေနဲ့ ဘယ်လို ခက်ခက်ခဲခဲ ထွက်ခွာခဲ့ရလဲ။
ဒေသခံ – ကျွန်တော်တို့ ပိတ်မိတာက ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ပိတ်မိတယ်။ ၁၂ရက်နေ့ မနက်မှာမှ ထွက်ရ တာပေါ့။ ထွက်လာတဲ့အချိန်မှာမှ အခြေအနေကြည့်ပြီးတော့ ထွက်လို့ရတယ်ဆိုတော့ အဲဒီအချိန်က ပစ်ခတ်မှု မရှိဘူးဆိုတော့ ဒီလိုပဲအတင်းတိုးသွားလိုက်တာပေါ့။ ရတဲ့အပေါက်ကပဲ အကြိမ်ကြိမ် တိုးထွက်လာတာ ပစ် ခတ်မှုမဖြစ်တာပဲ ကံကောင်းတယ်။ ပစ်ခတ်မှုမဖြစ်ရင် ထွက်လို့ရမှာမဟုတ်ဘူး။
သံလွင်တိုင်းမ် – တိုက်ပွဲအတွင်း နေအိမ်ပျက်စီးမှုနဲ့ အရပ်သားပြည်သူထိခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဒေသခံ – ပျက်စီးမှုကတော့များတယ်။ တချို့အိမ်တွေဆိုခေါင်မိုးတွေ၊ ဘေးအကာတွေ ဘာမှမရှိတော့ဘူး။ ၁၁ ရက်နေ့မှာတော့ မီးလောင်မှုတွေသိပ်မရှိဘူး။ လက်နက်ကြီးကျတယ်။ ပျက်စီးတယ်။ အဲဒီလောက်လေးပဲ။ ၁၂ ရက်နေ့မှာမှ ရွာသားတွေထွက်ပြီးနောက်ပိုင်းမှာမှ မီးလောင်မှုတွေ ပိုပြီးပြင်းထန်လာတယ်။ မီးလောင်မှုတွေ အဲဒီမှာ စဖြစ်တာ။
သံလွင်တိုင်းမ် – တိုက်ပွဲကြောင့် ပြည်သူတွေရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဒေသခံ – အခက်အခဲကတော့ တော်တော်ဆိုးတယ်။ အသက်ကြီးပိုင်းတွေဆိုရင် လမ်းတွေလည်း မလျှောက်နိုင် ဘူး။ ရောဂါသည်တွေဆို ဒီအသံတွေကြားမှာ သူတို့လည်း တော်တော်အသက်လုနေရတယ်။ တော်တော်ခက်ခဲ ပါတယ်။ ထမင်းတောင်မစားရပါဘူး။ ဒီလိုပဲ။ ရှိတာလေးနဲ့ပဲ မားမားခေါက်ဆွဲခြောက်တွေစား၊ ကြက်ဥလေးနဲ့အ ဆင်ပြေသလိုလေး စားသောက်နေရတယ်။ ထမင်း ဟင်းလည်း ချက်လို့အဆင်မပြေဘူးလေ။ မီးလည်းလင်းလို့ မရဘူး။ အကုန်လုံးက တိတ်တိတ်ဆိတ်ဆိတ် နေနေရတာ။ ဘယ်သူမှ မနေရဲ၊ မလုပ်ရဲကြဘူး။
သံလွင်တိုင်းမ် – စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဘယ်လိုပုံစံနဲ့ လာရောက်ပစ်ခတ်သွားတာလဲ။
ဒေသခံ – လေကြောင်းပစ်တာက ၁၂ရက်နေ့မှာ များတယ်။ တစ်နေ့လုံးနီးပါးပဲ ပစ်နေတာ။ အဲဒီအချိန်က ကျွန်တော်တို့လည်း ထွက်ပြေးလာပြီလေ။ ဘယ်ကနေပစ်နေလဲဆိုတာတော့ အတိအကျမသိဘူး။ ဘယ်သူမှ လည်း မရှိတော့ဘူး။ အပျက်အစီးတွေက တော်တော်များတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ ဘယ်လိုအကူအညီတွေ လိုအပ်နေလဲ။
ဒေသခံ – ဒီအချိန်မှာ သူတို့အတွက် လိုအပ်တာက သူတို့က တချို့တွေလည်း ပြေးတယ်။ မုဒုံနဲ့နီးစပ်သူတွေ ကလည် ပြေးကြတယ်။ တောဘက်ကို အဆင်ပြေသူကလည်း ရွာတွေဘက်ကို လွတ်နိုင်မယ့်နေရာအထိ သူတို့တွေ ပြေးကြတယ်။ ဒီအချိန်မှာ သူတို့အတွက် လိုအပ်တာက စားနပ်ရိက္ခာ၊ကုန်ခြောက်တွေ ဆေးဝါးတွေ ပေါ့။ နေစရာက ဖြစ်သလို နေနေကြတာပေါ့လေ။