ညောင်လေးပင်၊ နိုဝင်ဘာ ၁၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က KNU မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သင်နှီးကျောင်းရွာက ဒေသခံ ၂ ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး ဝက်တူကျေးရွာမှာလည်း ဒေသခံ ၂ ဦးရဲ့ နေအိမ် ၂ လုံး ကျည်စထိမှန် ပျက်စီးသွားခဲ့တယ်လို့ KNU က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ကလည်း စစ်ကောင်စီတပ်ရဲ့ ခမရ-၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ၂ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ် ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနေ့မှာပဲ KNU ရွှေကျင်မြို့နယ် ဇလုပ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ ခမရ-၅၉၈ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၄ လုံးကို ကျေးရွာတွေထဲ ပစ်ခတ်ခဲ့ရာ ရှမ်းစုရွာအပိုင် လယ်ကွင်း(ချောင်းဝရွာ တစ်ဖက်ကမ်းရှိ) လယ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ကာ ချောင်းဝရွာသား ၁ ဦး လက်နက်ကြီးအစထိမှန်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း KNU ကျောက်ကြီးမြို့နယ်၊ သူဌေးကုန်းကျေးရွာကားလမ်းမှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်က မြို့ပေါ်ကို ဆိုင်ကယ်ပစ္စည်းသွားဝယ်တဲ့ ငဖယ်အင်းကျေးရွာသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်းရှိ မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်လျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် မြို့ပေါ် ဈေးသွားဝယ်တဲ့ ပြည်သူလူထုတွေကိုလည်း ဖမ်းဆီးတာ အတင်းအဓမ္မပစ္စည်းသိမ်းယူတာနဲ့ ငွေကြေးတောင်းခံတာတွေ ပြုလုပ်လျက်ရှိတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.