မီဇိုရမ်၊နိုဝင်ဘာ ၁၆

အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက ၃၉ ဦးကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားခဲ့တာပါ။

ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုထားသလို ဖမ်းဆီးထားတဲ့အထဲက ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း အရပ်ဘက်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြည်နယ်ရဲအရာရှိက ပြောခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မဏိပူရပြည်နယ် မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံ တမူးမြို့ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်နဲ့ လေးကီလိုမီတာ အကွာမှာရှိတဲ့ ရိဒ်ခေါဒါရ်အနီးမှာလည်း စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေ ဗုံးနှစ်လုံးကြဲခဲ့တယ်လို့ ပြည်နယ်အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၀၀ လောက်ဟာ မီဇိုရမ်ပြည်နယ် ချန်ဖိုင်းခရိုင်မှာ ခိုလှုံနေထိုင်နေတယ်လို့ သိရပါတယ်။

ဒီမိုကရေစီလိုလားသူတွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေဟာ ရက်အတော်ကြာ ဖြစ်ပွားနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံက ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာနိုင်တယ်လို့လည်း အိန္ဒိယ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

ဒုက္ခသည်အသစ်တွေရောက်ရှိလာတာနဲ့အတူ ချန်ဖိုင်းခရိုင်အတွင်း ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၇၀၀၀ ကျော်ရှိလာပြီဖြစ်သလို ဒေသတည်ငြိမ်ရေး အဆင်ပြေလာပါက နေရပ်ပြန်လည်သွားရောက်ဖို့ အကူအညီပေးသွားမယ်လို့ ဆိုထားပါတယ်။

အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ်မှာရှိတဲ့ ခေါမောဝီနဲ့ ရိဒ်ခေါဒေါရ် စစ်တပ်အခြေစိုက်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေစတင်ပြင်းထန်လာတာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref: PUNE News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.