ဖနွမ်းပင်၊နိုဝင်ဘာ ၁၆

ကမ္ဘောဒီးယားအစိုးရက ကမ္ဘာ့ကျော်အန်ကောဝတ်ဘုရားကျောင်းအနီးမှာရှိတဲ့ အိမ်ခြေ တစ်သောင်းကို နှင်ထုတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က စွပ်စွဲလိုက်ပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာမှာ နေထိုင်တဲ့ မိသားစုတွေကို သူတို့နေထိုင်ရာနေရာနဲ့ ၂၅ ကီလိုမီတာဝေးတဲ့ လယ်ကွင်းဟောင်းထဲမြို့သစ်တည်ပေးပြီး ၂၀၂၂ ခုနှစ်တည်းက စတင် ပြောင်းရွှေ့ခိုင်းခဲ့တာပါ။

အာဏာပိုင်တွေကတော့ အဲဒီမိသားစုတွေဟာ သူတို့ သဘောဆန္ဒအတိုင်းပြောင်းရွှေ့ကြတာ ဖြစ်တယ်လို့ ပြောထားပေမယ့် AI ရဲ့ အစီရင်ခံစာထဲမှာတော့ ပြည်သူတွေဟာ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

“အာဏာပိုင်တွေဟာ လူတွေကို အတင်းအဓမ္မ နှင်ထုတ်တာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေချိုးဖောက်မှု ချက်ချင်းရပ်ပစ်ရမယ်” လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

ကမ္ဘောဒီးယားအစိုးရပြောခွင့်ရကတော့ အဲဒီအစီရင်ခံစာဟာ မမှန်ကန်သလို ယူနက်စကို စည်းမျဉ်းအတိုင်းရွာသားတွေကို သူတို့ရဲ့ သဘောဆန္ဒအလျောက် ပြောင်းရွှေ့စေခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပါရီအခြေစိုက် ယူနက်စကိုရုံးမှာတော့ အန်ကောဝပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရနဲ့ ပုံမှန် ကျင်းပတဲ့ အကြိုဆွေးနွေးပွဲကာလမှာ ထွက်ပေါ်လာတဲ့ အစီရင်ခံစာအတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောခဲ့ပါတယ်။

အန်ကောဝတ်ဘုရားကျောင်းဟာ ၉ ရာစုက စတင်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်အထိ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် ၂ သန်း ကျော်လာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

ခရီးသည်တွေကြောင့် ဈေးရောင်းချသူတွေ၊ အစားအသောက်နဲ့ အမှတ်တရပစ္စည်းရောင်းချသူတွေအပြင် တောင်းရမ်းစားသောက်သူတွေပါ အသက်မွေးဝမ်းကြောင်းပြုနိုင်ကြတယ်လို့ သိရပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက အန်ကောဝတ်အနီးတဝိုက်မှာနေထိုင်တဲ့လူ ၂ သောင်းသာရှိခဲ့ပေမယ့် ၂၀၁၃ ခုနှစ်အရောက်မှာတော့ လူ ၁ သိန်း ၂ သောင်းလောက်အထိ တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

Ref – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.