လွိုင်ကော် – နိုဝင်ဘာ ၁၅

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၁၁၀ ကျော်သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး တတိယနေ့နဲ့ စတုတ္ထနေ့မှာ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ-၆၆ လက်အောက်ခံ ခမရ-၄၂၅ နဲ့ ခမရ ၆ တို့ကို အပြီးသတ်ချေမှုန်းနိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး သေဆုံးသူတွေအပြင် ၃၈ ဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ KNDF က အသိပေးထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီ ခမရ ၄၂၅ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်း တခုလုံးနီးပါးရှိခဲ့သလို ခမရ ၆ ရဲ့ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ တက္ကသိုလ်အတွင်းတပ်စွဲထားတဲ့ ခမရ ၆ ရဲ့ တပ်ဖွဲ့ဝင်တွေကို အပြီးသတ်ချေမှုန်းဖို့ စတင်ခဲ့ပြီနောက် ညနေပိုင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအညံ့ခံဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးတဲ့ စစ်ကောင် စီတပ်သား ၃၂ ဦးလက်နက်ချအညံ့ခံခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ် စွန့်ပစ်သွားတဲ့ Non-CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ် လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က အသိပေးထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံ – ၁၂၈ လက်နဲ့ ခဲယမ်း ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလည်း KNDF ရဲ့ စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့ သုံ့ပန်းဆိုင်ရာ မူဝါဒတွေအတိုင်းခံစားခွင့်ပေးထားသလို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက်ိုလည်း အပြည့်အဝပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.