ဂျာကာတာ၊ နိုဝင်ဘာ ၁၆
မြန်မာမပါတဲ့ အာဆီယံဒေသတွင်း ကာကွယ်ရေးဦးစီးချုပ်တွေအပါအဝင် ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်နေပါတယ်။
၂ ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို အာဆီယံကာကွယ်ရေးဝန်ကြီးတွေအပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျတဲ့ အင်အားစုတွေနဲ့အတူ အာရှအုပ်စုက ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်နေပြီး မြန်မာနိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
ဒီထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အာဆီယံနိုင်ငံကာကွယ်ရေးဝန်ကြီးတွေက ဂါဇာကမ်းမြောင်ဒေသနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ကမ္ဘာမှာ မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံအနေနဲ့ ဂါဇာမှာ ဆိုးရွားတဲ့အခြေအနေတွေ၊ အထူးသဖြင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာကိစ္စရပ်တွေအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုခဲ့ပါတယ်။
“အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က ပြတ်သားပြီး ခိုင်မာပါတယ်။ ရန်လိုမှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီအတွက် စင်္ကြန်တွေ ချက်ခြင်းဖော်ဆောင်ပေးဖို့ တွန်းအားပေး တောင်းဆိုပါတယ်” လို့ သူက အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း ဝါရှင်တန်ကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဟားမတ်စ်နဲ့ အစ္စရေးစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖိအားပေးခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တဲ့ အင်ဒိုနီးရှားကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့တာကြောင့် နိုင်ငံအတွင်း ငြိမ်းချမ်းတဲ့ အဖြေတစ်ခုဆီသို့ရောက်အောင် ကူညီပေးကြဖို့ မဟာမိတ်တွေအား တိုက်တွန်းခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းတို့မှာ ပဋိပက္ခတွေ ပြင်းထန်လာတဲ့အပြင် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ရေပိုင်နက်ကိစ္စတွေအတွက် တင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ နှစ်စဉ်ကျင်းပတဲ့ အဲဒီအစည်းအဝေး ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကလွဲပြီး ကျန်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ အားလုံး ဒီနေ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ဆုံကြမှာလည်း ဖြစ်ပါတယ်။
ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နနဲ့ သြစတြေးလျတို့လည်း အခုဆွေးနွေးမှုမှာ ပါဝင်လာနိုင်ဖို့ ကြာသပတေးနေ့အထိ ဆွေးနွေးပွဲကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။
Ref: Reuters