နေပြည်တော်၊ နိုဝင်ဘာ ၁၅

ပြည်ပနိုင်ငံတွေထံ တင်ပို့တဲ့ကုန်ပစ္စည်းတွေမှ ရရှိလာတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်စာရင်းထဲ ထည့်သွင်းဖို့ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ခြိမ်းခြောက်လာတာပါ။

ပို့ကုန်ရငွေတွေကို နိုင်ငံခြားဘဏ်ငွေစာရင်းထဲ မဖြစ်မနေထည့်သွင်းကြဖို့နဲ့ ထည့်သွင်းဖို့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က နိုဝင် ဘာ ၁၁ ရက်နေ့ မှာ ကြေညာပါတယ်။

အဲဒီကြေညာချက်အရ အာရှနိုင်ငံတွေရဲ့ ပို့ကုန်ရငွေတွေကို တင်ပို့တဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ဘဏ်စာရင်းထဲထည့်သွင်းဖို့နဲ့ အာရှနိုင်ငံမှအပ တခြားနိုင်ငံတွေက ရရှိလာတဲ့ ပို့ကုန်ရငွေတွေကိုတော့ ရက်ပေါင်း ၉၀ အတွင်း ဘဏ်စာရင်းထဲ ထည့်သွင်းရမယ်လို့ ဆိုပါတယ်။

သတ်မှတ်ချက်တွေနဲ့အညီ ဘဏ်စာရင်းထဲငွေမသွင်းတဲ့ ပို့ကုန်ကုမ္ပဏီတွေကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ကစပြီး အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကတော့ ပို့ကုန်ရငွေစိစစ်ရာမှာ စစ်ကောင်စီဟာ NLD အစိုးရလက်ထက်ကဆောင်ရွက်ခဲ့တဲ့ ပို့ကုန်ရငွေစာရင်းတွေကိုပါ စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တချို့ဟာတွေက စာရင်းဟောင်းကို ပြန်လှန်တာဗျ။ အရအစိုးရလက်ထက်ကဟာတွေလည်းပါတာပေါ့။ ကုမ္ပဏီတွေတော်တော်များများ ပြန်ခေါပြီးတော့ အစစ်ခံရတာပေါ့။ တချို့လည်း တရားရင် ဆိုင်နေရတယ်လို့တော့ ကြားတယ်။ ဘာဖြစ်လာမလဲဆိုတော့ တချို့ကုမ္ပဏီတွေက လုပ်ငန်းရှုံးလို့ ပိတ်သွားတာတွေရှိတယ်။ ကိုဗစ်ကာလမှာ ဆက်မလုပ်နိုင်တော့ဘဲ ရပ်ဆိုင်းသွားတဲ့ ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီတွေက အခုပြန်ပြီးတော့ လုပ်ရတဲ့သဘောမျိုး ဖြစ်နေတယ်။ သွားမရှင်းရင်လည်း ဥပဒေအရ အရေးယူခံရတာကို။ တကယ်အလုပ်လုပ်နေတဲ့သူတွေကျတော့ ဒီအခွန်သဘောကို နားလည်တဲ့သူတွေအတွက်ကတော့ ပြဿနာမရှိဘူး၊ ပုံမှန်အခွန်လေးတွေ ဆောင်တယ်။ ပုံမှန် စာရင်းလေးတွေ တင်သွင်းနေတာပေါ့။ တချိုကျတော့လည်း ကုမ္ပဏီလေးတွေကို အလုပ်ဖြစ်မလားဆိုပြီး ထောင်လိုက်တယ်။ အလုပ်လေး တစ်ခုနှစ်ခုလောက် စမ်းလုပ်ကြည့်တယ်။ ဒီလိုပို့ကုန်ရငွေကိစ္စတွေ ပြန်ပေါ်လာတော့ သူတို့လည်းတော်တော်လေးတော့ ခေါင်းကိုက်တယ်၊ ဘယ်သူ့ကို ကူရမလဲ ကယ်ရမလဲတွေဖြစ်နေတယ်”လို့ ဆိုပါတယ်။

ပို့ကုန်သွင်းကုန်ကဏ္ဍတွေမှာ စစ်ကောင်စီရဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အကျပ်အတည်း ဖြစ်နေတဲ့အချိန် အခုလိုဖိအားပေးလာတာကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို လျော့ချရမယ့် အခြေအနေ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကလည်း စစ်ကောင်စီရဲ့ ပို့ကုန်ရငွေ တင်းကျပ်မှုကြောင့် သွင်းကုန်ကဏ္ဍမှာ ထိခိုက်မှုတွေရှိလာနိုင်သလို ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကတော့ သွင်းကုန်ကဏ္ဍကို သွားပြီးထိခိုက်မှာပေါ့။ အခုဟာက ပို့ကုန်ဝင်ငွေကို အပေါ်ကပြန်ပြီးတော့ ခွဲပေးတယ် သွင်းကုန်သမားတွေကို။ ဆိုတော့အခုဟာက တကယ့်အရေးကြီး သွင်းကုန်တွေတောင်မှ ကြည့်ရတာ သိပ်ပြီးတော့ လျှောက်သလောက် အပြည့်မပေးနိုင်တဲ့ သဘောတောင်ရှိတယ်။ ဥပမာပြောရရင် ဒီတစ်ရက်နှစ်ရက်မှာကို တချို့ ဆီဆိုင်တွေ (၉၅)တို့ ဘာတို့ ပြတ်နေပြီး ဆိုတာမျိုးတွေ့ရတယ်၊ ဆိုတော့ သွင်းကုန်မှာတော့ သွင်းကုန်ကိုပထမဦးဆုံးစထိမှာပေါ့။ အဲဒီကနေမှ ကုန်ဈေးနှုန်းတို့ ဘာတို့ဆက်တိုက်ထိမှာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပို့ကုန်ရငွေ တင်းကျပ်မှုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားနေမှုကို သိသာစေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း အလုပ်လုပ်ရက် တစ်ရက်အတွင်း လဲလှယ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်း လဲလှယ်ရမယ်လို့ ပြောင်းလဲညွှန်ကြားထားတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် အရင်က ပို့ကုန်လိုင်စင်လျှောက် ထားဖို့ မလိုတဲ့ ကုန်စည်လိုင်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စတင်ကာ ပို့ကုန်လိုင်စင် လျှောက်ထားကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.