ဆိုးလ်၊ နိုဝင်ဘာ ၁၅

G7 ဟာ သူတို့ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်စေပြီး အခြားသောနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတဲ့ စစ်အေးခေတ် အကြွင်းအကျန်သာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်လိုက်ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ရက်သီတင်းပတ်အတွင်း G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတွေရဲ့ ကိုယ်ပိုင်လုံခြုံ‌ရေးနဲ့ အချုပ်အခြာအာဏာကို ရှုတ်ချတဲ့ ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြုံယမ်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာအဖွဲ့ရဲ့ ဦးစီးဌာန အထွေထွေဒါရိုက်တာ မစ္စတာဂျိုချိုလ်ဆူက ပြန်လည်ဝေဖန်ခဲ့တာပါ။

G7 က ပူးတွဲထုတ်ပြန်ထားတဲ့ ပူးတွဲကြေညာချက်ထဲမှာ အစ္စရေး-ဟားမတ်စ်တိုက်ပွဲကို လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းအတွက် ခေတ္တရပ်နားပေးဖို့၊ ရရှားစစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုဖို့နဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှု၊ ရုရှားကို လက်နက်လွှဲပြောင်းပေးမှုကို ရှုတ်ချတာစတဲ့ အချက်တွေ ပါဝင်ပါတယ်။

 “နိုင်ငံတကာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တဲ့ G-7ဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတွေကို အပြစ်ရှာဖို့ဒီလို ပြောဆိုခြင်းဖြစ်ပါတယ်၊G7 သည်သာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်ရေးနဲ့ လုံခြုံရေးကို ဖျက်ဆီးမယ့် အဓိက အရင်းအမြစ်ဖြစ်ပြီး တရားမျှတတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ ထူထောင်ရာမှာလည်း အဓိကအတားအဆီးဖြစ်ပါတယ်” လို့ မစ္စတာဂျိုက ပြောကြားခဲ့တာပါ။

ဒါ့အပြင် အဲဒီအဖွဲ့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘဲ အနည်းငယ်သောနိုင်ငံတွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်ပေးထားသလို ယူကရိန်းကို သေစေနိုင်လောက်တဲ့ လက်နက်တွေထောက်ပံ့ပေးခြင်ကလည်း ဥပရောပရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာ ဖြစ်တယ်လို့ လည်း မစ္စတာဂျိုက ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ဝါရှင်တန်ဟာ အစ္စရေးကျူးလွန်ထားတဲ့ ဂါဇာက အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုတွေကို ကာကွယ် ပေးထားတယ်လို့လည်း စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလို ထုတ်ပြန်ချက်ဟာ ကိုရီးယားစစ်ပွဲအပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ (UNC) အဖွဲ့ဝင် ၁၇ နိုင်ငံမှ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ လက်ခံကျင်းပတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်လိုမှုမှန်သမျှကို တုံ့ပြန်ဖို့ ကတိကဝတ်တွေ ချမှတ်နိုင်ဖို့ကိုလည်း အဲဒီဆွေးနွေးပွဲမှာ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.