စစ်တွေ – နိုဝင်ဘာ ၁၄
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ရခိုင်တိုက်ပွဲ နှစ်ရက်တာအတွင်းမှာ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်သားဆယ့်တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင် ရောက်ကြမယ့်သူတွေကိုလည်း ဆက်လက်ကြိုဆို လက်ခံသွားမယ်လို့ ဆိုပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင်ဒေသမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်ရှိ နေရာ (၅) ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စ ခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကိုလည်း ဒီနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ်အတွင်း တိုက်ပွဲ (၂) ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် စုစုပေါင်း (၁၀)ဦးကို စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ မှာဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်မှ (၁၀) ဦးကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း မျက်မြင်တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်တိုက်ပွဲတွေအဖြစ် မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးခလရ (၂၃၂) တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးကာ သုံ့ပန်းတစ်ဦး ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်တွေရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
AA အနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီအရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်တွေအားလုံးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည် အဲဒီ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲ နှစ်ရက်အတွင်းမှာ ရက္ခိုင့်တပ်တော်မှ စစ်သား (၆) ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာလ (၁၃) ရက်နေ့က အပေါက်ဝမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အပေါက်ဝ ရဲစခန်း မှ ရဲတပ်ဖွဲ့ ဝင်(၂၂) ယောက်၊ အခြားရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်(၆) ယောက် AA ထံသို့ လက်နက်တွေနဲ့အတူ လက်နက်ချအလင်းဝင်လာခဲ့တာကြောင့် နောက်ထပ်လက်နက်ချအလင်းဝင်ရောက်ကြမယ့်သူတွေကို ဆက်လက်ကြိုဆိုလက်ခံသွားမယ်လို့လည်း AAကပြောကြားထားပါတယ်။
ရခိုင်တိုက်ပွဲ ပထမနေ့အပြီးမှာ ရခိုင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲစခန်း စုစုပေါင်း စခန်း (၄၀) နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီစခန်းတွေနဲ့ ရဲစခန်း(၃) ခုကို တစ်ခုအဖြစ်စုပေါင်း ထားတာကြောင့် AA အနေနဲ့ လက်နက်ချအညံ့မခံတဲ့သူတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။
AA ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြိုနယ်တွေမှာ ULA/AA နဲ့ ဆက် စပ်ပတ်သက်တယ်လို့ သံသယရှိတဲ့ အရပ်သားတွေကိုစစ်ကောင်စီက ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်လာနေတယ်လို့လည်း ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA