ကောလင်း၊ နိုဝင်ဘာ ၁၄

တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းနဲ့ ခမ်းပတ်မြို့တို့ကို အုပ်ချုပ်ရေးယန္တရားတွေ စတင်အကောင်အထည် ဖော်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့က နိုဝင်ဘာ ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။

အလားတူတစ်ရက်တည်းမှာပဲ တမူးမြို့နယ်ထဲက ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ကိုလည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ကောလင်းမြို့ကို အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စတင်အကောင် အထည် ဖော်နေသလို ခမ်းပတ်မြို့ကိုလည်း အလားတူဆောင်ရွက်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ကောလင်းမြို့ထဲမှာဆိုရင် အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီပျက်စီးသွားတဲ့ လျှပ်စစ်မီးတွေပြန်ရရှိရေးကအစ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်နေပါ တယ်။ ထို့အတူပဲ ခမ်းပတ်မြို့ကိုလည်း စစ်ကောင်စီယန္တရားအောက်ကနေ လွတ်မြောက်အောင် သိမ်းပိုက်နိုင်ပြီ။ အဲဒီမှာလည်း လွတ်မြောက်အောင် ထိန်းချုပ်ထားနိုင်တဲ့နေရာတွေမှာ ကျွန်တော်တို့တွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားစတဲ့ တာဝန်ယူဆောင်ရွက်မှုတွေ စနစ်တကျ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုတွေ စီးပွားရေးရောင်းဝယ်ရေးတွေ ပုံမှန်လည်ပတ်နိုင်ဖို့ သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဆက်ပြောပါတယ်။

ဒါပေမယ့် NUG သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောလင်းနဲ့ ခမ်းပတ်မြို့ကို ဒေသခံအရပ်သားပြည်သူတွေ ပြန်လည်နေထိုင်မှု ရှိမရှိကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ ကြိုးစားရာ တော်လှန်ရေးအင်အားစုတွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိပြီး ဆုတ်ခွာသွားကြတယ်လို့ ဦးကျော်ဇောက ဖြည့်ပြောပါတယ်။

ကောလင်းမြို့ သတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution-KR ရဲ့ နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူတွေကို မြို့အတွင်းမှာ ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ မြို့နယ်အတွင်းမှာရှိတဲ့ ပ.အ.ဖနဲ့ ပ.က.ဖ တပ်တွေ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးကိုလည်း မြို့နယ် ပ.အ.ဖ အဖွဲ့က စောင့်ရှောက်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ဆေးဝါး၊ ခြုံစောင်တွေနဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီကျော်မှာတော့ ဝန်းသိုမြို့ကနေ ကောလင်းမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက အင်းဘုတ်ကုန်း ဂေါက်ကွင်းနားမှာ ကောလင်းခရိုင်တပ်ရင်း (၁)နဲ့ (၂) အပြင် မြို့နယ် ပ.က.ဖ တို့နဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။

အလားတူ ဝန်းသိုမြို့ရှိ မိုးကောင်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကောလင်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာတော့ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး တော်လှန်ရေးအင်အားစုတွေဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထပ်မံထုတ်ပြန်လာတာပါ။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲမှာလည်း ဝန်းသိုမြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၁၂၀ တပ် ရင်းကနေ ဟောင်ဝစ်ဇာနဲ့ လွှဲမောက်ရွာဘက်ကို ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခမ်းပတ်မြို့ကိုတော့ အုပ်ချုပ်ရေးကဏ္ဍဖော်ဆောင်ဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG/KR

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.