မော်လမြိုင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေသလို လုံးဝဆီပြတ်လပ်သွားတဲ့ဆိုင်တွေလည်း ရှိနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီပြတ်လပ်မှုကို မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ဖြစ်ပေါခဲ့ကာ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။

စက်သုံးဆီပြတ်လပ်မှုဟာ ခရီးသွားလာမှုများလာတာ၊ သယ်ယူပို့ဆောင်ရေးဖို့ ခက်ခဲလာတာ၊ လျှပ်စစ်မီးမမှန်တာကြောင့် စက်ရုံအလုပ်ရုံတွေမှာ မီးစက်ကြီးတွေကို အဓိကအသုံးပြုနေတဲ့အတွက် စက်သုံးဆီဝယ်လိုအား မြင့်တက်လာမှုနဲ့ အဓိကသက်ဆိုင်နေတာ ဖြစ်ပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီပြတ်လပ်မှုဟာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အချိန်ကြာမြင့်စွာ စစ်ဆေးခံရတာ၊ စစ်ကောင်စီကနေ စက်သုံးဆီတွေကို လိုသလောက်မရောင်းပေးဘဲ ခွဲတမ်းနဲ့သာ ရောင်းချပေးနေတာကြောင့် ဖြစ်ပေါ်နေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြတ်တာက ရောင်းမလောက်လို့ ဒီလိုပဲဖြစ်တတ်တယ်။ ပွင့်လင်းရာသီရောက်ရင် လူတွေက အသုံးများလာတယ်။ ခွဲတမ်းက မိုးတွင်းဒီလောက်ပဲ နွေပွင့်လင်းရာသီလည်း ဒီလောက်ပဲဆိုတော့ ပွင့်လင်းရာသီမှာ အရင်နှစ်တုန်းကလည်း ပြတ်တယ်။ ဒီနှစ်လည်း ပြတ်တာပဲ။ လုပ်ငန်းတွေရော၊ လူတွေရော၊ ခရီးသွားလာမှုတွေလုပ်ငန်း စီးပွားရေးတွေ အစစအရာရာပေါ့လေ အသုံးများလာတဲ့အခါ ရောင်းမလောက်ဘူးပေါ့။ နောက်တစ်ခုကတော့ လမ်းခရီးကြန့်ကြာတာလည်းပါတယ်။ အခုကညောင်ခါးရှည်က တော်တော်ပိတ်နေတော့လေ။ ပုံမှန်အားဖြင့်ဆိုရင် နှစ်ရက်သုံးရက်ဆိုရင်တော့ ဆီက သီလဝါကနေ မော်လမြိုင်ရောက်တာပေါ့။ ဒါပေမယ့်အခုက တစ်ပတ်လောက်မှ ရောက်တယ်ဆိုတာကလည်း ကြန့်ကြာမှုဖြစ်တဲ့ အနေအထားလည်းရှိတယ်”လို့ ဆိုပါတယ်။

စက်သုံးဆီပြတ်လပ်မှု ဆိုးဝါးလာတာကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေက စစ်ကောင်စီကို စက်သုံးဆီ ခွဲတမ်းတိုးမြှင့်ရောင်းချပေးဖို့ တောင်းဆိုနေပေမယ့် ပုံမှန်အတိုင်းသာ ရောင်းချပေးတာကြောင့် မကြာခဏဆိုသလို စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရဦးမယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း စက်သုံးဆီခွဲတမ်းတွေကို လိုသလို တင်လို့မရတဲ့အပြင် ကုမ္ပဏီတစ်ခုချင်း ဝယ်လို့မရဘဲ ကုမ္ပဏီတွေပေါင်းပြီး ဝယ်နေရတဲ့အတွက် ခွဲတမ်းတွေ စောင့်နေရတာကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်နေရတယ်လို့ ပြောပါတယ်။

“ရတဲ့ခွဲတမ်းနဲ့ နောက်သီလဝါမှာက ရှင်းရှင်းပြောရင် ခွဲတမ်းစောင့်ရတဲ့အချိန်ပေါ့။ နောက်ပြီးလိုသလိုဆီလည်း တင်လို့မရဘူးလေ။ ဆီ(၃)မျိုးဆိုရင် ကုမ္ပဏီ (၄)ခုလောက် တင်နေရတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ လီတာ (၄)သောင်း ထုတ်မယ် ဆီတစ်မျိုးဆိုရင် တစ်နေရာထဲတင်ယုံပဲလေ။ အခုက (၄)နေရာလောက် အခက်အခဲတွေက အများကြီးပေါ့။ ဒါကြောင့် (ဆီပြတ်မှု) ဖြစ်တာ၊ ဒီခွဲတမ်းနဲ့ရှင်းရှင်းပြောရင် တကယ်ပွင့်လင်းရာသီစည်ကားလာတယ်ဆိုရင် သူပေးတဲ့ခွဲတမ်းနဲ့က တော့ ဆီတွေပြတ်မှာဘဲလေ၊ သူကတိုးမှမတိုးလာတာ၊ လျော့ဘဲလျော့ရင် လျော့သွားမယ်”လို့ ဆိုပါတယ်။

စက်သုံးဆီပြတ်လပ်မှုကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်အပါအဝင် ကျန်မြို့နယ်တွေမှာ ဆိုးဆိုး ဝါးဝါးပြတ်လပ်မှုနဲ့ ကြုံနေရသလို တချို့မြို့နယ်တွေမှာဆိုရင် စက်သုံးဆီဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

အငှားယာဉ်မောင်းတစ်ဦးကတော့ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ခရီးသည်လူရဖို့ အရင်မရှာရဘဲ စက်သုံးဆီရရှိဖို့သာ ရုန်းကန်နေရတဲ့အတွက် အချိန်ကုန်ပြီး ဝင်ငွေတွေပါ လျော့ကျလာတယ်လို့ ပြောပါတယ်။

“ဆီပြတ်တဲ့ ဇာတ်လမ်းကလေ ကျွန်တော်တို့ အကုန်လုံးနဲ့ သက်ဆိုင်သွားပြီ။ ပိုက်ဆံရှိပြီးတော့ ဆီမရှိရင် ဘာမှလုပ်လို့မရဘူး၊ ကျွန်တော်တို့ ကယ်ရီမောင်းတဲ့ သူတွေပိုဆိုးတာပေါ့၊ အခုကလူရဖို့ အရင်မရှာရဘူး၊ ဆီဘယ်မှာထည့်ရမလဲဆိုတာ အရင်ရှာရတယ်။ ဆီထည့်ပြီးမှ ဆီပြည့်မှမောင်းရတာ၊ ကုန်အောင်လည်း မမောင်းရဲဘူး။ အခုဆီလိုက်လျှောက်ရှာရိုးရိုးနဲ့ အဲဒီမှာအချိန်တွေ ကုန်နေတာတို့၊ အခါတိုင်းတစ်နေ့ကို နှစ်သောင်းရမယ့်နေရာမှာ အခုဆိုတစ်နေ့ကို ရှစ်ထောင်လောက်တောင် အနိုင် နိုင်ပဲ။ အခြေအနေ တော်တော်ဆိုးသွားပြီ”လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာတော့ 92 နဲ့ 95 အမျိုးအစား ဓာတ်ဆီပြတ်တောက်မှုအများဆုံး ကြုံတွေ့နေရသလို တချို့ဆိုင်တွေမှာတော့ ပရီမီယံအမျိုးအစား ဒီဇယ်တွေကအစ ပြတ်တောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီ ခွဲတမ်းတွေကို လျှော့ချတာမဟုတ်ဘဲ စိစစ်တာတစ်ခုပဲရှိသလို အရင်ပုံမှန်အတိုင်း ပေးနေတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပြီး အသုံးများနေတဲ့ 92 စက်သုံးဆီဟာ ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းကျော် ရှိသလို ဒီဇယ်ကလည်း ဂါလန် သန်း ၃၀ ကျော် ရှိပြီး ဆီတင်သင်္ဘော ၁၅ စီးလည်း ထပ်မံရောက်ရှိဖို့ ရှိတယ်လို့ ဆိုပါတယ်။

စက်သုံးဆီမည်သည့်အမျိုးအစားကိုမဆို ပြည်တွင်းမှာ တစ်လစာအရန်ရှိအောင် အမြဲတမ်း လုပ်ဆောင်ထားသလို စက်သုံးဆီဝယ်ယူနိုင်ဖို့အတွက်လည်း ဒေါ်လာတွေကို အရင်အတိုင်းရောင်းချပေးနေတယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ စက်သုံးဆီဝယ်ယူဖို့ပင် အခက်အခဲရှိလာတာပါ။

စက်သုံးဆီတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဈေးနှုန်း ၄ ဆကျော် မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ပြတ်လပ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.