ဝါရှင်တန်၊ နိုဝင်ဘာ ၁၅

နှစ်နိုင်ငံတင်းမာမှုတွေ လျော့ချဖို့အတွက် အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး သွားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုရဲ့ သမ္မတ နှစ်ဦးဟာ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။

ခေါင်းဆောင် နှစ်ဦးရဲ့ တွေ့ဆုံမှုမှာ ထိပ်သီးနှစ်နိုင်ငံကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ လောင်းကြေးမြင့် သံခင်းတမန်ခင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကတော့ ရှုတ်ထွေးနေတဲ့ ဆက်ဆံ ရေးကို စီမံခန့်ခွဲဖို့အတွက် မျက်နှာချင်းဆိုင်တွေ့ဆုံတဲ့ သံခင်းတမန်ခင်းဟာ အရေးပါတယ်လို့ ဘိုင်ဒန်က ယုံကြည်တယ်လို့ သတင်းထောက်တွေကို ပြောထားပါတယ်။

“ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေ မဖြစ်ရအောင် ပွင့်လင်းတဲ့ ဆက်သွယ်ရေးလိုင်းတွေ အား ကောင်းလာစေဖို့နဲ့ ပြိုင်ဆိုင်မှုတွေကို တာဝန်ယူမှု စီမံခန့်ခွဲမှုအပါအဝင် နှစ်နိုင်ငံ ဆက်ဆံ ရေးရဲ့ အခြေခံအကျဆုံး အချက်တချို့ကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆူလီဗန်က ပြောခဲ့ပါတယ်။  

အဲဒီတွေ့ဆုံမှုကနေ တိကျတဲ့ ရလဒ်တွေကို ရှာဖွေပြီး တရုတ်နဲ့ စစ်ရေးဆက်ဆံမှု ပြန်လည် ထူထောင်ရေးနဲ့ အမေရိကန်မှာ ခြိမ်းခြောက်မှုဖြစ်လာနေတဲ့ ဖန်းတနီလ်ဆေးဝါးကုန်သွယ်မှုကို တိုက်ဖျက်ရာမှာ တိုးတက်မှုမြင်တွေ့ဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တရုတ်ဟာ အမေရိကန်နဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ခဲ့သလို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အမေရိကန်က တရုတ်သူလျှိုမီးပုံပျံကို ပစ်ချခဲ့ချိန်မှာတော့ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ကြတာပါ။

နှစ်ဘက် စစ်တပ်တွေကြား ဆက်သွယ်ရေးဟာ ပြိုင်ဆိုင်မှုမှာ ပဋိပက္ခဆီသို့ ဦးမတည်စေဖို့ သေချာစေမယ့် နည်းလမ်းဖြစ်တယ်လို့ ဆူလီဗန်က ဆိုပါတယ်။

အဲဒီအစည်းအဝေးမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲမှသည် ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု ၊ ရုရှားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး၊ထိုင်ဝမ်အရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ဉာဏ်ရည်တု၊ ကုန်သွယ်မှုနဲ့ တရားမျှတသော စီးပွားရေးဆက်ဆံရေးတို့ ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ တွေ လွှမ်းခြုံဆွေးနွေးသွားဖို့လည်း မျှော်လင့်ထားတယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၂၁ ဦးပါဝင်တဲ့ APEC ဖိုရမ်မှာ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ အထိ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး အရှေ့အလယ်ပိုင်းအရေးနဲ့ ယူကရိန်းစစ်ပွဲအရေးတွေဟာ ဒီတွေ့ဆုံမှုမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.