ကောလင်း၊ နိုဝင်ဘာ ၁၄

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်း တိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်ကို အမျိုးသား ညီညွတ်ရေးအစိုရရဲ့ ကြားကာလဗဟိုဘဏ်က စာရင်းသွင်းမှတ်တမ်းတင် သိမ်းဆည်းထားတယ်လို့ ကြားကာလဗဟိုဘဏ်က ဒီနေ့နိုဝင်ဘာ ၁၄ ရက် နေ့ လည်ပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကောလင်းခရိုင်အရေးပေါ်အုပ် ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာစီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား လက်ခံသိမ်းဆည်း ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်အနေနဲ့ လက်ခံသိမ်းဆည်းထားတဲ့ ငွေသားလက်ကျန်တွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေ‌တွေနဲ့ ပြည်သူလူထုရဲ့အပ်နှံ‌ငွေတွေကို နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိတယ်လို့ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.