လောက်ကိုင် ၊ နိုဝင်ဘာ ၁၄

ကိုးကန့်အထူး(၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ(၁၂၉) က တပ်ရင်းတစ်ခုလုံးနဲ့မိသားစုဝင်တွေပါ MNDAA ထံ အလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ အမှတ်(၁၂၉) ခြေမြန်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ရင်းက အရာရှိစစ်သည်တွေအပါအဝင် မိသားစုဝင် စုစုပေါင်း ၂၆၂ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ ကို့ကန်အဖွဲ့ MNDAA ထံ ဆက်သွယ်ပြီး အလင်းဝင်လာတာပါ။

အဲဒီတပ်ရင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ တပ်မိသားစုဝင် ၁၃၄ ဦး ပါဝင်ပြီး သူတို့တွေကို ဦးဆောင် အလင်းဝင်လာတဲ့ ဗိုလ်မှူးကျော်ရဲအောင်ကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက ရဲရင့်တဲ့ သူရဲကောင်းအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမှာဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။

“သမိုင်းကြောင်းမှာက ဗကပ ခေတ်မှာပဲရှိခဲ့ဖူးတယ်၊အဲဒီတုန်းကကျတော့ တောခိုတာလေ၊ အခုကကျ တပ်ရင်းတစ်ခုလုံး လက်နက်ချ အညံ့ခံတာလေ၊တူတော့မတူဘူး၊ ပထမဆုံးလို့ပြောလို့ ပြောလို့ရတယ်၊” လို့ ABSDF Column 3 ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြည်သူနဲ့ပူးပေါင်းခဲ့သူတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဦးချင်းအတွက် ကျပ်ငွေ ၁၀ သိန်းအပြင် တပ်မိသားစုဝင်တွေအတွက်လည်း တစ်ဦးကို ၁ သိန်းပေးအပ်ခဲ့ပြီး ကျန်းမာရေး ချို့ယွင်းသူတွေကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးထားတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံဖို့နဲ့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ သတိပေးပြီးနောက် ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ခမရ(၁၂၉) တပ်ရင်းတစ်ခုလုံး အလင်းဝင်မှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်ကောင်စီရဲ့ တပ်ရင်းတစ်ခုလုံး ပြည်သူ့ရင်ခွင်ခိုလှုံမှုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – 3 Bortherhood Alliance

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.