လွိုင်ကော်၊ နိုဝင်ဘာ ၁၄

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ကယားပြည်နယ်(ကရင်နီ)အတွင်း နှစ်ရှည်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့သလို မိုးဗြဲမြို့ပေါ်မှာလည်း အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိနေပြီး သူတို့တွေဟာ ပြီးခဲ့တဲ့ ကာလတိုက်ပွဲတွေအတွင်း စစ်မရှောင်ဘဲ ကျန်နေခဲ့သူတွေနဲ့ နေရပ်ပြန်လာသူတွေဖြစ်တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး စစ်ဘေးရှောင်ကြနေဖို့ IEC အတွင်းရေးမှူး ဦးဗညားက တိုက်တွန်းပါတယ်။

တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ အတတ်နိုင်ဆုံး ပြည်သူထိခိုက်မှုနည်းအောင်၊ ပြည်သူ့အိုးအိမ်တွေထိခိုက်မှုနည်းအောင် လုပ်ဆောင်ကြဖို့ IEC ကညွှန်ကြားထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့အတွက် အရပ်သားပြည်သူတွေနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးနိုင်တာကြောင့် ပြည်သူတွေ ဘေးကင်းလုံခြုံအောင် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲအခြေစိုက်တပ်စခန်းတွေကနေ လက်နက်ကြီး အဆမတန်ပစ်ကူခဲ့သလို တိုက်လေယာဉ် ၂ စီးနဲ့ အကြိမ် ၂၀ နီးပါး လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.