ကျိုက်မရော၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့တံတား ဂိတ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ အမည်မ ဖော်လိုတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

အဲဒီစခန်းနှစ်ခုကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။

“ရဲစခန်းရော ဂိတ်စခန်းပါ ကျသွားပြီ၊ စစ်ကူထပ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်၊ထိခိုက်သေဆုံးမှုက အသေးစိတ် မသိရသေးဘူး”လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီကနေ ချောင်းနှစ်ခွ၊ ပေါလော၊ အတ္ထရံစတဲ့ ကျေးရွာတစ်ဝိုက်တွေမှာ လေယာဉ်နဲ့ ၈ ကြိမ်နီးပါး လာရောက်ပစ်ခတ်သွားသလို မုဒုံဗျူဟာကလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီနေ့ ညနေပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ အတ္ထရံတံတား(ချောင်းနှစ်ခွ) အပေါ်မှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနီးပါးနဲ့ အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ တွေ့ရပါတယ်။

မြေပြင်သတင်းအရင်းအမြစ်တွေအရ စခန်းသိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီဟာ မုဒုံဘက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ မကျွံလာဖို့အတွက် ကဒါဘက်ခြမ်းမှာ တပ်ဖြန့်ထားပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်က ချောင်းနှစ်ခွ ကျေးရွာ၊ ဖာသိမ်ကမ်းနားနဲ့ ပေါလောကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ကနေ လေကြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပေါလောကျေးရွာနေ ကလေး ၂ ဦး သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတွေဟာ အပြင်ကိုမထွက်ရဲကြဘဲ ကျေးရွာတွေထဲမှာသာ ပုန်းအောင်ခိုလှုံနေထိုင်ရတာဖြစ်ပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ဒေသခံပြည်သူ အများအပြားရှိတယ်လို့ ပေါလောနဲ့ ချောင်းနှစ်ခွရွာခံအချို့က ပြောပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ချောင်းနှစ်ခွတိုက်ပွဲကြောင့် ကျွန်းရွာ-တောင်ကလေး-ချောင်းနှစ်ခွလမ်း၊ ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်း၊ တောင်ကလေး-ခလယ်တံခွန်တိုင်လမ်း၊ ချောင်းနှစ်ခွ-ကျုံကွယ်-ထီးကလေ့လမ်း၊ ခရုံဂူ-ဖာသိမ်-ကျုံကွယ်ကားလမ်း စတဲ့လမ်းပိုင်းတွေမှာ အသွားအလာမပြုလုပ်ကြဖို့ ဒေသခံတွေက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.