လွိုင်ကော်၊ နိုဝင်ဘာ ၁၂
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကယားပြည်နယ်(ကရင်နီ)မှာ စခန်းသိမ်း တိုက်ပွဲတွေ စတင်ဆင်နွှဲနေတာပါ။
တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ကယားပြည်နယ်ရှိ မြို့တော်လွိုင်ကော်အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
လတ်တလောမှာတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့ နန်းစံခမ်းတို့ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားပြီး အခြားစခန်းတွေကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ညီနောင် ၃ ဖွဲ့က အဲဒီနေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် လွိုင်ကော် – ဒီမော့ဆို၊ လွိုင်ကော် – မိုးဗြဲနဲ့ လွိုင်ကော် – ဆီဆိုင်လမ်းပိုင်းတွေ အသုံးမပြုကြဖို့ မေတ္တာရပ်ခံထားတာပါ။
လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ သန္ဓေတည်ရာ ရှမ်းမြောက်ရှိ ကိုးကန့်နဲ့ တအာင်းဒေသအတွင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီနောင် ၃ ဖွဲ့ကနေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေကို ရန်သူဘက်က ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းနေရှိပေမယ့် မြေပြင်မှာထိရောက်မှုမရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုနဲ့သာ အဓိကထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ကွမ်းလုံ၊ လောက်ကိုင်နဲ့နောင်ချိုဘက်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ တစ်ရက်အတွင်း အနည်းဆုံးအကြိမ် ၂၀ အထက်ရှိခဲ့ပြီး တချို့ရက်တွေမှာ ကွမ်းလုံမြို့ တစ်နေရာတည်းမှာပင် တစ်ရက်အတွင်း လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၉၀ နီးပါးအထိ ရှိခဲ့တာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်လည်ရရှိရေးအတွက် လိုအပ်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၁၀ ရက်နေ့က ကြွေးကြော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNDF