Exif_JPEG_420

လောင်းလုံး၊ နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီးမှာ နိုဝင်ဘာ ၉ ရက်နေ့ မ နက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဆင်ကျေးရွာကနေ ကရင်ကြီးကျေးရွာထဲ ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ထိခိုက်သေဆုံးနိုင်တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကရင်ကြီးကျေးရွာဘက်ကို ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းအရ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်ဆင်ကျေးရွာဘက်ကို ပြန်ဆုတ်သွားပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်နေတယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ စစ်ကြောင်းဆက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကနဦးတိုက်ပွဲကြောင့် သဘောဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တနင်္သာရီ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.