မော်လမြိုင်၊ နိုဝင်ဘာ ၁၀

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတဲ့အတွက် ကားအစီးရေထောင်ချီ ပိတ်မိနေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် ခရီးသွားကားတွေကို ပဲခူးတိုင်း ညောင်ခါးရှည်ကျေးရွာအနီးမှာရှိတဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ ကားတစ်စီးချင်းဆီ ပိတ်ဆို့မှုရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်တွေကို အချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာပါ။

ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကြောင့် အိမ်စီးကားအပါအဝင် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေဟာ ခရီးဆက်လက်ထွက်ခွာလို့မရတော့ဘဲ X-Ray ဂိတ်မှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကနေ ခရီးသွားကားတွေ ထွက်ခွာခွင့်ရဖို့ တစ်ရက်နဲ့ တစ်ညလောက် စောင့်ဆိုင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်၊မန္တလေးအပါအဝင် အနယ်နယ်အရပ်ရပ်ကို တင်ပို့မယ့် ငါး၊ပုဇွန်နဲ့ အေးခဲသားတွေအပြင် ဟင်းသီးဟင်းရွက်တွေလည်း ပုပ်သိုးပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးမှာ တည်ရှိနေတာဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကို အဓိကသွားလာတဲ့ အသုံးပြုနေရတဲ့ ကုန်သွယ်ရေးလမ်းပိုင်းပေါ်မှာ ရှိနေပါတယ်။

ညောင်ခါးရှည်ဂိတ်ရဲ့ယာဉ်ကြောပိတ်ဆို့မှုကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.