ဟနွိုင်း၊နိုဝင်ဘာ ၁၁

၂၀၃၀ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ့် ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ်ရရှိရေး စီမံကိန်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီတစ်ခုမှ ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

အဲဒီစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတားအဆီးမဖြစ်စေဘဲ ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။

ဗီယက်နမ်နိုင်ငံဖော်ဆောင်မယ့် ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းကနေ နိုင်ငံ့စီးပွားရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ ဘီလျံအထိရရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ကျောက်မီးသွေးထုတ် လျှပ်စစ်ကိုသာ အားထားနေရတဲ့ ဗီယက်နမ်ကို ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းအတွက် G-7 အဖွဲ့ဝင်နိုင်ငံတွေကလည်း ထောက်ပံ့ပေးဖို့ရှိတယ်လို့ သိရပါတယ်။

လေအားလျှပ်စစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်ဝန်းတစ်ခုလုံးမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေတွေ၊စိန်ခေါ်မှု အခြေအနေတွေကြောင့် ၂၀၃၀ ခုနှစ်မှာ ဗီယက်နမ်ရဲ့ ၆ ဂီဂါဝတ် ထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကမ္ဘာ့ကမ်းလွန်လေအားလျှပ်စစ်အသင်းက သတိပေးထားတာပါ။

ဗီယက်နမ် စက်မှုဝန်ကြီးဌာနနဲ့ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်းရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Petro Vietnam တို့ကို ၂၀၃၀ လေအားလျှပ်စစ်ရည်မှန်းချက် အောင်မြင်နိုင်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

မကြာသေးခင်နှစ်တွေအတွင်း ဗီယက်နမ်မှာ ကုန်းတွင်းလေအားနဲ့ နေရောင်ခြည်စွမ်းအင်တွေ မြင့်တက်လာပေမယ့် လက်ရှိအချိန်ထိ ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်တာ မရှိသေးသလို ကမ်းလွန်လေအားလျှပ်စစ် တပ်ဆင်မှုအသစ် အများအပြားဟာလည်း နိုင်ငံရဲ့ မဖွံ့ဖြိုးသေးတဲ့ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ဖို့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမယ့် ဗီယက်နမ်အစိုးရက နိုင်ငံတကာ ရန်ပုံငွေကို လက်လှမ်းမီနိုင်တဲ့ ပင်လယ်ပြင်ဆိုင်ရာ စီမံကိန်းနဲ့ ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်အမီတည်ဆောက်နိုင်ဖို့ စာရင်း ပြုစုထားတယ်လို့ ဆိုထားပြီး အဲဒီစာတမ်းကို ဒူဘိုင်းမှာကျင်းပမယ့် ကုလကွန်ဖရန့် မှာ အတည်ပြုမယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.