တနင်္သာရီ၊ နိုဝင်ဘာ ၁၀

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတော်လှန်ရေး အင်အားစုတွေထံကနေ သိရပါတယ်။

တနင်္သာရီမြို့နယ် ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၅၈) ခြေမြန်တပ်ရင်းကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုဘက်က ပြန်လည်ဆုတ်ခွာခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးအပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီ ပကဖ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာလည်း ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၅၆) ခြေမြန်တပ်ရင်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးသီး ၃ လုံး ကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

မောင်းသူမဲ့လေယာဉ်နဲ့ဗုံးချတိုက်ခိုက်မှုအတွင်း ဗုံးသီးတွေဟာ စစ်ကောင်စီတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်မှာဖြစ်လို့ ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေ၊ တပ်ရင်းတပ်ဖွဲ့နဲ့ စစ်ဆေးရေးဂိတ်တွေအနီး နေထိုင်တာ၊ သွားလာတာတွေ ရှောင်ရှားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.