လားရှိုး၊ နိုဝင်ဘာ ၁၀

ကိုးကန့်အဖွဲ့ MNDAA ဟာ မူးယစ်ဆေးဝါးကနေ ရရှိလာတဲ့ အကျိုးမြတ်တွေကိုအသုံးချပြီး သြဇာအာဏာတည်ဆောက်လိုတဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲလိုက်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလသက်တမ်းကုန်းဆုံးမှ ခေါ်ယူလေ့ရှိတဲ့ ကာလုံအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်းဆူပူမှုတွေကို အဓိကဖြေရှင်းဆောင်ရွက်နေရတဲ့ အခြေအနေကို အခွင့်အကောင်းယူပြီး ကို့ကန်းအဖွဲ့က စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ညီနောင်မဟာသုံးဖွဲရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်ထိန်းချုပ်နိုင်ပြီး လိုအပ်တဲ့တုံ့ ပြန်မှုဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြုံးဝါးထားပါတယ်။

ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းကတော့ စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲချက်တွေဟာ အခြေမြစ်မရှိသလို မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ၂၀၀၀ ခုနှစ်ကတည်း စတင်ဆောင်ရွက်ခဲ့တယ်လို့ တုံ့ပြန်ပါတယ်။

“ဒီမူးယစ်ဆေးဝါးနဲ့ စွပ်စွဲတဲ့အပေါ်မှာပေါ့နော် ကျွန်တော်တို့အထူးဒေသ ၁ အနေနဲ့ ၂၀၀၀ခုနှစ်ကတည်းက ကျွန်တော်တို့ ဥက္ကဌကြီး ဦးဖုန်ကြားရှင်ဦးဆောင်မှုအောက်မှာ ဒီမူးယစ်ဆေးဝါးကို လုံးဝရှင်းလင်းတိုက်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒါလည်း သမိုင်းဝင်ဖြစ်ပါတယ်။ ဒီ၂၀၀၀ ခုနှစ်မှာ မူးယစ်ဆေးဝါးကိုလုံးဝကင်းစင်အောင် တိုက်ဖျက်နိုင်ခဲ့ပြီး အစားထိုးစိုက်ပျိုးရေး လက်ဖက်ခြောက်တို့၊ ကြံတို့ကို အစားထိုးစိုက်ပျိုးနိုင်ခဲ့တယ်။ သူတို့(စကစ) ကအခုကျမှ မူးယစ်ဆေးဝါးရရှိတဲ့ဝင်ငွေဆိုတဲ့ဟာနဲ့ လာပြီးတော့စွပ်စွဲတော့ တစ်ခုနားမလည်တာက လက်ရှိအဲဒီဒေသမှာ မူးယစ်ဆေးဝါးတွေရှိနေတုန်းပဲလား။ အကယ်လို့အဲဒီနားမှာရှိနေတယ်ဆိုရင် ကိုးကန့်ရုပ်သေးအဖွဲ့တွေက မူးယစ်ဆေးဝါးတွေလုပ်နေတယ်ဆိုတဲ့ သဘောပေါ့” လို့ ပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ကိုးကန့်အဖွဲ့ဟာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ဖို့ ၂၀၂၂ ခုနှစ်ကတည်းက “ဝ”ဒေသမှာ စစ်ရေးကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးနောက် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကာလုံအစည်းအဝေးမှာ ယာယီသမ္မတဦးမြင့်ဆွေကလည်း ရှမ်းမြောက်တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်အနေနဲ့ စွမ်းစွမ်းတမံမလုပ်ဆောင်နိုင်ရင် တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ပြီး အခုကိစ္စကို သေသေချာချာစနစ်တကျ ကိုင်တွယ်သွားဖို့ လိုတယ်လို့ ကာလုံအစည်းအဝေးမှာ ပြောဆိုထားတာပါ။

ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းကတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ ပြောဆိုမှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ ဒီစစ်ဆင်ရေးဟာ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ပြည်‌ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ဖော်ဆောင်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံတော်ကြီး အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်ဆိုတာကတော့ ကျွန်တော်တော့ လုံးဝလက်မခံပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ Operation က စစ်အာဏာရှင်ပပျောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အသစ် တည်‌ဆောက်ရေး။ ပြီးတော့ကျားဖျန်အွန်လိုင်းဂိမ်းတွေ အမြစ်ဖြတ်ချေမှုန်းရေးတို့ကိုဖော်ဆောင်ဖို့ Operation လုပ်‌ဆောင်ရခြင်းဖြစ်တယ်”လို့ သူက ဆိုပါတယ်။

စစ်ဆင်ရေးစတင်တဲ့ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ၁၃ ရက်တာအတွင်း သတ်မှတ်ထားတဲ့မိမိတို့ သိမ်းပိုက်ရရှိခဲ့ပြီးတဲ့ မြို့တွေကို ညီနောင် ၃ ဖွဲ့အနေနဲ့ အလုံးစုံဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အပြီးသတ်အစားထိုးနိုင်ဖို့ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်တာအတွင်း ရှမ်းမြောက်မှာရှိတဲ့ မြို့ ၆ မြို့နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၅၀ နီးပါး ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းမှာတော့ မြို့ ၂ မြို့ကို PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက်သာမက စစ်ကိုင်းတိုင်းမှာ ညီ‌နောင် ၃ ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတေ် KIA မဟာမိတ်တပ်အပါအဝင် NUG လက်အောက်ခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။

နိုင်ငံ့တောင်ပိုင်းမှာတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ရှိ တချို့သော မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ဘုန်းကြီးကျောင်းတွေအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ စစ်အာဏာသိမ်းမှုအတွင်း စစ်ကောင်စီကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို တခြားသောတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီပူးတွဲပြီး တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.