ကောလင်း – နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် လက်နက်ချအညံ့ခံခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ စစ်ဦးစီးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မှာတော့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။

ကောလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊မြေစာရင်းရုံးနဲ့ မြန်မ့ာစီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကောလင်းမြို့ကို လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၃ ဦးတိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး လက်နက်ချ အညံ့ခံသူ ၂၁ ဦးရှိခဲ့ သလို လက်နက်ကြီး၊လက်နက်ငယ် ၆၉ လက်၊ Jammer ၄ ခု၊ခဲယမ်း – ကျည်အမြောက်အများ နဲ့ စစ်ကောင်စီ တပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ရုံးက ဖော်ပြထားပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ကောလင်းခရိုင် အမှတ် ၁၊၂ တပ်ရင်း၊စစ်ကိုင်းတိုင်း ပ.က.ဖ၊ကောလင်းခရိုင် မြို့နယ် ပ.က.ဖနဲ့ Federal Wings တို့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းတွေကို ဖြတ်တောက်ရေးအတွက် ကောလင်းခရိုင် အမှတ် ၃၊၄ တပ်ရင်းနဲ့ ဝန်းသိုမြို့နယ် ပ.က.ဖ ပူးပေါင်းအဖွဲ့တွေက တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ စစ်ဦးစီးရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.