မော်လမြိုင် – နိုဝင်ဘာ ၉

NUG အစိုးရထံက ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေ ၂ နှစ် သက်တမ်းပြည့်ချိန်မှာ ငွေပြန်ယူလိုသူတွေကို စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်ပေးမယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရငွေတိုက်စာချုပ်ဝယ်ယူထားကြတဲ့ ကမ္ဘာတဝှမ်းက တော်လှန်ပြည်သူတွေကို အသိပေးကြေညာချက်မှာ ဖော်ပြထားတာပါ။

ငွေတိုက်စာချုပ်တွေကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး အစောဆုံးဝယ်ယူခဲ့ကြတဲ့ ငွေတိုက်စာချုပ်တွေဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့စတင်တာဖြစ်တဲ့အတွက် ၂ နှစ်သက်တမ်းပြည့်မှာဖြစ်ပါတယ်။

၂ နှစ်သက်တမ်းစေ့နေပေမယ့် ငွေပြန်ရွေးဖို့ အစီအစဉ်မရှိသေးတဲ့ ဝယ်ယူထားသူတွေအတွက် ရွေးချယ်စရာ နည်းလမ်း ၂ ခုပေးသွားမှာဖြစ်ပြီး အဲဒီနည်းလမ်းတွေဟာ သက်တမ်းထပ်တိုးတာ နဲ့ NUG အစိုးရရောင်းချပေးနေတဲ့ မြေကွက်၊တိုက်ခန်းနဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲ သက်မှတ်ပေးတာတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အသေးစိတ်အချက်အလက်တွေကိုလည်း ငွေတိုက်စာချုပ်ဝယ်ယူထားသူတွေရဲ့ အီးမေးလ်မှ တဆင့် အသိပေးအကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အတိုးမဲ့ငွေတိုက်စာချုပ်တွေကို တော်လှန်ရေး အောင်စိတ်နဲ့ ရဲဝံ့ယုံကြည်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံထားကြတဲ့ တော်လှန်ပြည်သူတွေကို NUG အနေနဲ့ ဦးညွှတ်ဂုဏ်ပြုရင်း တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက် မဆုတ်မနစ်ထောက်ကူအားဖြည့်ပေးကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။

NUG အစိုးရက ငွေတိုက်စာချုပ်တွေကို တစ်ဦးချင်ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စုပေါင်းဝယ်ယူနိုင်အောင် ရောင်းချပေးထားတာဖြစ်ပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့ ကြွေးကြော်သံနဲ့ ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေက ရရှိခဲ့တဲ့ ဘဏ္ဍာရန်ပုံငွေတွေဟာ လက်ရှိနွေဦးတော်လှန်ရေးအောင်ပွဲတွေ ရယူရာ မှာ အဓိကကျတဲ့ ခွန်အားတရပ်အဖြစ် ထိရောက်စွာ အထောက်အပံ့ပြုပေးနေတာဖြစ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOPFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.