ဖနွမ်းပင်၊နိုဝင်ဘာ ၁၀
အွန်လိုင်းလိမ်လည်မှု Scammer လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ သံသယ တရားခံ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယားက နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
သူတို့တွေဟာ ကမ္ဘောဒီးယား၊မြန်မာနဲ့ တခြားနေရာတွေမှာ အထိုင်ချကာ အွန်လိုင်းကတဆင့် လိမ်လည်ပြီးနောက် ငွေအမြောက်အများရယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။
အွန်လိုင်းလိမ်လည်ဖို့ အများဆုံးပစ်မှတ်ထားခံရတာဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဂျပန် ရာကူဇာဂိုဏ်းသားတွေလည်း လိမ်လည်မှုတွေမှာ ပါဝင်နေတာကြောင့် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဖနွမ်းပင်မှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ သံသယတရားခံ ၂၅ ဦးကို ဂျပန်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရက AFP ကိုပြောပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီတရားခံတွေဟာ ဂျပန်မှာရှိတဲ့ လူတွေကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့ ပြောထားသလို သံသယတရားခံတွေကလည်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
ဂျပန် ရာကူဇာဂိုဏ်းတွေဟာ ၂၀၁၇ ခုနှစ်လောက်တည်းက အဲဒီလုပ်ငန်းတွေထဲ ပါဝင်လာကြသလို ပြီးခဲ့တဲ့နှစ်မှာ ထင်ထင်ရှားရှားပါဝင်လာတာဖြစ်တယ်လို့ ကုလသမဂ္ဂ UNODC ရဲ့ ဒုတိယအဆင့် ဒေသန္တရ ကိုယ်စားလှယ်က ပြောထားပါတယ်။
Ref – AFP