ကျိုက်ထို၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်နေတဲ့အချိန် တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံး၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဗုံး ၁လုံးဟာ ထွေအုပ်ရုံး ခေါင်မိုးအပေါ် ကျရောက်ပေါက်ကွဲပြီးနောက် ၁ လုံးက ရုံးအဝင်ပေါက်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတစ်ဦးကတော့ ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရဘူးလို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ထွေအုပ်ရုံးဒရုန်းတိုက်ခိုက်မှုမှာ ဝန်ထမ်း ၂ ဦးနဲ့ ဆီပိုင်ရှင်တစ်ဦး သိမ်ဇရပ်ဆေးရုံထံ ရောက်ရှိလာကြောင်းနဲ့ ကျန်ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းထားတယ်လို့ ပြောပါတယ်။

သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ မွန်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဝေါမြို့နယ် တနော်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.