လားရှိုး၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေ၊ စခန်းတွေ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ စိတ်ဓာတ်မြှင့်တင်ရေး နည်းဗျူဟာတွေ အသုံးပြုလာရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြေညာတဲ့ ရက်မှာတင် ရှမ်းမြောက်ရှိ နမ့်ခမ်းနဲ့ လားရှိုးမြို့က တပ်စခန်းတွေ တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့ကျမှသာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာပါ။

အဲဒီနောက်ပိုင်း ရှမ်းမြောက်မှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေပေးဖို့နဲ့ ခရီုနီတွေက ဂုဏ်ပြုငွေလှူဒါန်းနေရသလို ဆုတောင်းစာနဲ့အတူ အစားအသောက်တွေကိုလည်း ရှေ့တန်းအထိ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ သတင်းတွေ ဖော်ပြလာပါတယ်။

စစ်ကောင်စီတပ်ကို စစ်ရေးအရ အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေဟာ အသေမခံဖို့ ရုန်းကန်နေတဲ့ အခြေအနေမှာ မိနစ်ပိုင်းနာရီပိုင်းအတွင်း မဆုတ်တမ်း ခံစစ်စခန်းတွေ အသိမ်းခံနေရသလို လက်နက်ချတာနဲ့ စခန်းစွန့်ခွာထွက်ပြေးတာတွေ ဖြစ်ပေါ်နေတာပါ။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို စစ်ကောင်စီဘက်က အရေးနိမ့်လာနေချိန်မှာ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ လုပ်ဆောင်နေတာဖြစ်ပေမယ့် စစ်ပွဲရဲ့အခြေအနေကို ဘာမှမပြောင်းလဲနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ဒါကြောင့် ဒီနေရာမှာ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးဖို့ မလွဲမသွေ လိုအပ်တဲ့အတွက် စစ်ကောင်စီက အနုပညာရှင်တွေ စေလွှတ်တာ၊ ဆုတွေချတာစတာတွေ ရက်ရက်ရောရောနဲ့ လုပ်ကိုင်ပါလိမ့်မယ်။ ဒါပေမယ့်အဲဒါဟာ အခုဖြစ်နေတဲ့ မြန်မာပြည်တွင်းစစ် ကင်ဆာရောဂါကြီးကို ပရုတ်ဆီလိမ်းပေးတဲ့ သဘောလောက်ပဲရှိမှာပါ။ အဲဒီထက်ပိုပြီး ထိရောက်တဲ့ ကုသနိုင်တဲ့ မြှင့်တင်နိုင်တဲ့ လမ်းကြောင်းနဲ့ စွမ်းအားလုံးဝမရှိနိုင်ပါဘူး။ ဒါကြောင့် အဲဒါတွေဟာ လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး ဘာမှအကျိုးသက်ရောက်မှု မထူးခြားတဲ့ကိစ္စတွေဖြစ်တဲ့အတွက် စစ်ပွဲရဲ့အခြေအနေကို ဘာမှမပြောင်းလဲနိုင်ပါဘူး”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ စစ်ရေးအကျပ်အတည်းကြုံလာတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားပေးဖို့ ဘက်ပေါင်းစုံကနေ လုပ်လေ့ရှိပြီး ၁၉၇၀ ခုနှစ်ဝန်းကျင်မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ချိန်တုန်းက အနုပညာရှင်တွေကိုစေလွှတ်ကာ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဖျော်ဖြေရေးတွေ လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ကတော့ ရှပ်ရှင်လောကသားတွေအနေနဲ့ ရှမ်းမြောက်ကတိုက်ခိုက်မှုကို လက်မခံကြောင်း စစ်သည်တွေထံ စာလွှာတွေရေးသားပေးပို့ပြီး ကူညီထောက်ပံ့မှုတွေပေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားတာပါ။

ဒါပေမယ့် စစ်ရေးတိုက်ပွဲတွေ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရတဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဆီ အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ကိုတော့ နေရာနဲ့ ရက်အတိအကျ မဖော်ပြထားပါဘူး။

စစ်ရေးအကဲခတ်တွေကတော့ ရှမ်းမြောက်ရှိတချို့သော ကားလမ်းတွေဟာ စစ်ရေးအရ ညီနောင် ၃ ဖွဲ့က ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ လားရှိုးလေယာဉ်ကွင်းကို အသုံးချပြီး အဲဒီမြို့အတွင်းဖျော်ဖြေမှုတွေ လုပ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

တစ်ဖက်မှာတော့ ရှမ်း‌မြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနဲ့ ကာ ကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်တွေကို ၆ ရက်တာအတွင်း အလှူရှင် ၇၃၀ ကျော်က ကျပ်သိန်း ၈၂,၇၀၀ ကျော် ဂုဏ်ပြုငွေချီးမြှင့်ခဲ့တာပါ။

အဲဒီထဲမှာ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ရှမ်းအ‌ရှေ့နဲ့ ရှမ်းတောင်တို့မှာရှိတဲ့ စစ်ကောင်စီနဲ့ စီးပွားရေးအရ ပလဲနံသင့်တဲ့ခရိုနီတွေက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးတွေထံ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေလှူဒါန်းသူတွေရဲ့ တစ်ဦးချင်းအမည်စာရင်းနဲ့ စီးပွားရေးလုပ်ငန်းအမည်တွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်ကောင်စီကို ခရိုနီတွေ ပိုက်ဆံလှူပေးနေတာဟာ ရှေ့တန်းမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ စစ်သည်တွေကို စိတ်ဓာတ်မြှင့်တင်ရေးတစ်မျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီကို ပိုက်ဆံတွေ လှူနေတဲ့ ဒီလိုမျိုးဟာတွေကလည်း အခုမှမဟုတ်ပါဘူး။ အာဏာစသိမ်းခါစကတည်းက စစ်ကောင်စီကိုထောက်ခံတဲ့ ခရိုနီတွေက ပေါ်ပေါ်တင်တင် ဒီလိုမျိုး လှူနေတာလည်း ရှိပြီးသားပဲပေါ့။ တချို့တွေကျတော့လည်း ပေါ်တင်မဟုတ်ဘဲ စစ်ကောင်စီရဲ့ အတင်းအကျပ် တောင်းဆိုမှုကြောင့်ဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုကြောင့်ဖြစ်ဖြစ် လှူသွားတဲ့သူကလည်း ရှိမှာပဲပေါ့။ အဲဒီတော့ ဒီဟာတွေက တကယ်မြေပြင်မှာတော့ လုပ်နေတယ်။ ဒါကလည်း သူတို့ဆီက စစ်တပ်ကလူတွေကို ရှေ့တန်းမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ စစ်သည်တွေကို စိတ်ဓာတ်မြှင့်တင်ရေးတစ်မျိုးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ ရှမ်းမြောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေကို အလှူရှင်တွေ လှူဒါန်းတဲ့ ဒံပေါက်ဘူးနဲ့အတူ ဆုတောင်းစာကိုလည်း ရန်ကုန်ကတဆင့် လားရှိုးမြို့ကို စစ်တပ်လေယာဉ်နဲ့ ပို့ဆောင်ပေးပြီး တပ်ဖွဲ့ဝင်တွေ လက်ထဲအရောက် လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးကောင်းသူဝင်းကတော့ ရှေ့တန်းရှိတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့သဘောနဲ့ စစ်တပ်လေယာဉ်နဲ့ အစားအသောက်ပို့ဆောင်ပေးခဲ့တာ တစ်ကြိမ်ကြုံဖူးတယ်လို့ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်အထိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ အခုလိုမျိုး ရှေ့တန်းအထိ အစားအသောက်ပို့တာနဲ့ ဖျော်ဖြေရေးတွေလုပ်ဖို့အထိ သတင်းစာတွေမှာဖော်ပြတာ မတွေ့ခဲ့ရပါဘူး။

စစ်ကောင်စီအနေနဲ့ ရှေ့တန်းအထိ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ရေးလုပ်ဆောင်နေရတဲ့အပေါ် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းကတော့ “သူတို့ စစ်ကောင်စီကိုယ်တိုင်က ဖရိုဖရဲဖြစ်နေလို့ပေါ့”လို့ သံလွင်တိုင်းမ်ကို မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာအတွင်း ရှမ်းမြောက်မှာရှိတဲ့ မြို့ ၆ မြို့နဲ့ တပ်စခန်းပေါင်း ၁၄၀ ထက်မနည်း ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

အလားတူ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းရှိ မြို့ ၂ မြို့ကိုလည်း ကချင် လွတ်လပ်ရေးအဖွဲ့ KIA အပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ မဟာမိတ်အဖွဲ့တို့ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.