ပုလဲ – နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် လက်တောင်းငယ်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော်မီးလောင်ပျက်စီးခဲ့ရတယ်လို့ ABSDF Column -3 က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပုလဲမြို့နယ်ကနေ ယင်းမာပင်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်း ရှေ့ပြေးပွိုင့်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ပြီးနောက် အထိနာခဲ့တာကြောင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာပါ။

လက်တောင်းငယ်ရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိတာကြောင့် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့အတူ ပြည်သူတွေ မီးငြိမ်းခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးအင်အားစုတွေ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးထားတယ်လို့ ABSDF Column – 3 ကထုတ်ပြန်ထားပါတယ်။

အဲဒီယာဉ်တန်းကို ခြေလျင်လုံခြုံရေးလိုက်လာတဲ့ ရှေ့ပြေးပွိုင့်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထိတွေ့ မှုဖြစ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ၊လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာတွေအပြင် မိုင်းကွင်းထဲဝင်လာတာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာဖြစ်တယ်လို့ ABSDF Column -3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ် တွေဟာ ယင်းမာပင်မြို့နယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ABSDF အမှတ် ၁၄ တပ်ရင်းနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး(BLDF) ရဲခေါင်ပြောက်ကျားတပ်ဖွဲ့နဲ့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ABSDF Column 3

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.