ကော်သူးလေ၊ နိုဝင်ဘာ ၉

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ကော်သူးလေဖက်ဒရယ်ယူနစ်ကို ထူထောင်တည်ဆောက်သွားဖို့အတွက် စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU ဟာ ၁၇ ကြိမ်မြောက်ကွန်ကရက်အပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ တတိယအစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကနေ ၅ ရက်အထိ အောင်မြင်စွာကျင်းပခဲ့တယ်လို့ KNU က နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးမှာ ကော်သူးလေဖက်ဒရယ်ယူနစ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ၊ မူဝါဒတွေကို သက်ဆိုင်ရာကော်မတီနဲ့ ဌာနအသီးသီးက စတင်အကောင်အထည်ဖော်နိုင်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဒိုစောကလယ်စေးကတော့ ကော်သူးလေဖက်ဒရယ်ယူနစ်အတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအပြင် စစ်ရေးပိုင်းကို အဓိကတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှု နိုင်ငံရေးရည်ရွယ်ချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ အခြားသောအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ တောင်းဆိုမှုတွေ လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီး စောဘဦးကြီး ပြောခဲ့တဲ့ စကားအတိုင်းပေါ့နော်။ ကျွန်တော်တို့ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်ဆိုတဲ့အပေါ်မှာ ယနေ့အချိန်ကာလမှာ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ဖို့အတွက်ကတော့ ဘယ်သူ့ဆီကမှ ကျွန်တော်တို့တောင်းဆိုမှုတွေ လုပ်မနေတော့ပဲနဲ့ မိမိရဲ့ကံကြမ္မာ မိမိဖန်တီးပြီးတော့ မိမိဘာသာမိမိ ဖက်ဒရယ်နိုင်ငံဖက်ဒရယ်ယူနစ်ကို ကျွန်တော်တို့ထူထောင်တည်ဆောက်သွားဖို့ ကျွန်တော်တို့ဆိုလိုချင်တာဖြစ်သလို ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်းပဲ အဓိကအားဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပိုင်းဖြစ်တဲ့ စစ်ရေးပိုင်းဆိုင်ရာတွေကို အဓိကကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်သွားဖို့ ပြောချင်တာဖြစ်ပါတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

KNU အနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင်ပေါ်ထွန်းဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကော်သူလေဖက်ဒရယ်ယူနစ်ကို ဖွဲ့စည်းသွားမယ့်အကြောင်း ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ကျင်းပပြုလုပ်သွားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ပြောကြားထားတာပါ။

လတ်တလောမှာ KNU အုပ်ချုပ်နယ်မြေအတွင်းရှိ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ အစရှိတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ KNU တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နဲ့ ထိုင်း-မြန်မာနယ်စပ်နားက စစ်ကောင်စီတပ်စွဲထားရာနေရာနဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေ ရှိခဲ့ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၃၅၀၀ ကျော်အထိ ဖြစ်ပွားထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက KNU ရဲ့ ထုတ်ပြန်ထားတဲ့ တိုက်ပွဲစာရင်းချုပ်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.