ကော့ကရိတ်၊ နိုဝင်ဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဉ်ငယ်နဲ့ တိုက်ခိုက်ခံရတာကြောင့် တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇိနသုခဘုန်းကြီးကျောင်းနေရာတွေကို တော်လှန်ရေးအင်အားစုဒရုန်းအဖွဲ့တွေက ဝေဟင်လှုပ်ရှားမှုအနေနဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အမှတ် ၉၇ တပ်ရင်းက တပ်ခွဲမှူးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီးနောက် အလောင်းကို ညတွင်း ချင်း တပ်ရင်းထဲကနေ လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို တော်လှန်ရေးအင်အားစု ဒရုန်းပူးပေါင်းအဖွဲ့တွေက ဒရုန်း၊ မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုတွေ မကြာခဏဆိုသလို လုပ်ဆောင်နေလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေပါတယ်။

ဒီလို နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစု ၅ ဦး ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကော့ကရိတ်မြို့ပေါ် မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်သွားခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကျားဖြူစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.