“ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ပဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံးလွတ်မြောက်တဲ့အထိ ပူးပေါင်း ဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်”

ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်လိုက်ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြည်ထောင်စုလွတ်မြောက်ရေးအတွက် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးဖွဲ့ KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ၁၁၀၇ စစ်ဆင်ရေးစတင်ရတဲ့ အခြေအနေ၊ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ထားမှု၊ ကယားပြည်နယ် အတွင်း ဖော်ဆောင်သွားမယ့် စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး ကယားပြည်နယ်အတွင်း ၁၁၀၇ စစ်ဆင်ရေး ဖော်ဆောင်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

လော်ရင်းစိုး – ကျွန်တော်တို့ အဖွဲ့အစည်းက ၁၀၂၇စစ်ဆင်ရေးကို ကြိုဆိုထောက်ခံပြီးတော့ စစ်ရေးအရ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက် တိုက်ခိုက်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ထုတ်ပြန်ကြေညာချက် ထုတ်ထားပြီး ဖြစ်တယ်။ ဟန်ချက်ညီညီချိတ်ဆက်ပြီး တိုက်ခိုက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ၁၁၀၇စစ်ဆင်ရေးကို စတင် လိုက်တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ၁၁၀၇ စစ်ဆင်ရေးကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စတင်ဖြစ်ခဲ့တာလဲ။

လော်ရင်းစိုး – ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကယားပြည်နယ်တစ်ခုတည်း လွတ်မြောက်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်က ကျွန်တော်တို့ အဖွဲ့အစည်းက ဒီတိုင်းပြည်က ကျွန်တော်တို့က ပြည်ထောင်စုဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ရင် ကျွန်တော်တို့ ပြည်နယ်မလွတ်မြောက်ဘူးဆိုတာ လုံးဝလက်ခံထားတာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်နယ်တစ်ခုတည်း လွတ်မြောက်ဖို့ဆိုတာထက် ရည်ရွယ်ချက်မျိုးတော့ ကျွန်တော်တို့မှာ မရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိတယ်။ ပထဝီအနေအထား အရလည်း ကျွန်တော်တို့က ဆက်စပ်နေတယ်။ ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ပဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံးလွတ်မြောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်ဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အဓိကရည်မှန်းချက်ပဲ ဖြစ်တယ်။

သံလွင်တိုင်းမ် – ၁၁၀၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှု အခြေအနေနဲ့ ဆက်လက်ဖော်ဆောင်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

လောရင်းစိုး – မနေ့က ကျွန်တော်တို့တိုက်တဲ့ တပ်ရင်းစခန်းကိုတော့ တိုက်နေတာ ဒီနေ့အထိပဲ။ အဲဒီစခန်းကို လုံခြုံဖို့အတွက်ဆိုပြီး အပြင်ကိုထုတ်ထားတဲ့ ကားဂိတ်စခန်းတွေရှိတယ်။ စခန်းပတ်ချာလည်မှာ ကျေးရွာတွေရှိ တယ်။ ကျေးရွာတွေကလည်း လူသူမရှိတော့ဘူး။ ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားတာရှိတယ်။အဲဒီတပ်စွဲထားတဲ့စခန်းနှစ်ခုကို ကျွန်တော်တို့ မနေ့က ဝင်တိုက်တာဖြစ်တယ်။ အဲစခန်းနှစ်ခုကို ကျွန်တော်တို့သိမ်းလိုက်တယ်။ လက်နက်မျိုးစုံ ၁၆လက်ရတယ်။ ကျည်ဆန်မျိုးစုံရတယ်။ ရန်သူကတော့ ၂၀ ကျော်လောက် ကျတယ်။

သံလွင်တိုင်းမ် – ၁၁၀၇ စစ်ဆင်ရေးကို ကယားပြည်နယ်မှာ စတင်ပြီးနောက် စစ်ကောင်စီဘက်ကရော ပြည် နယ်အတွင်း ဘာတွေလုပ်ဆောင်လာတာတွေ့ရပါသလဲ။

လောရင်းစိုး – စစ်ကောင်စီကတော့ သူကလုပ်နိုင်သမျှ သူလုပ်မှာပါ။ သူပြည်နယ်နဲ့တင်မကဘူး အခုစစ်ဆင်ရေး က တစ်နိုင်ငံလုံးနဲ့ ပက်သက်နေတဲ့ကိစ္စဖြစ်တာမို့ တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ရတော့မယ်။ ကျွန်တော်တို့ ဘက်မှာတော့ ထူးထူးခြားခြားလှုပ်ရှားမှုတော့ သိပ်မရှိဘူး။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ၁၀၂၇၊ ၁၁၀၇ စစ်ဆင်ရေးတွေဟာ ဒီတော်လှန်ရေးအပေါ် ဘယ်လိုသက် ရောက်မှုတွေ ရှိလာနိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

လောရင်းစိုး – ဒီ၁၀၂၇စစ်ဆင်ရေးကို ကြည့်လိုက်ရင် ရက်ပိုင်းပဲရှိသေးတယ်။ ရလာတဲ့ နယ်မြေစခန်းတွေ သိမ်းထားတာ ကြည့်လိုက်ရင် ဘယ်လောက်ထိရောက်လဲဆိုတာ သိသာပါတယ်။ ဒါကငြင်းလို့မရတဲ့ အချက် ပေါ့။ ကျွန်တော်တို့က ဒီစစ်ဆင်ရေးမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက စကတည်းက သဘောတူထားတာ မဟုတ်ရင်တောင် ကျွန်တော်တို့အားလုံး ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် မြန်မာပြည်မှာ ပပျောက်ရေးဖြစ် တယ်။ ပြည်သူ့လွတ်မြောက်ရေး၊ တိုင်းပြည်လွတ်မြောက်ရေး ဖြစ်တယ်။

အဲဒီရည်ရွယ်ချက်က အကုန်လုံး တူညီကြတာဖြစ်တယ်။ တူညီကြတဲ့ ရည်ရွယ်ချက်အပေါ်မှာ အခု ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု၊ စစ်ဆင်ရေးက ဟန်ချက်ညီညီနဲ့ တစ်နိုင်ငံလုံးသွားဖို့အတွက် အလားအလာ အကောင်း ဆုံးအနေအထား မှာရှိနေပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့လက်နက်ကိုင်အင်အားစုနဲ့ အတူ ဒီကနေ့ ကျွန်တော်တို့အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် ကျွန်တော်တို့အားလုံးက ချီတက်နေတယ်ဆိုတာ ပြောလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.