ဝေါ၊ နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က စစ်တောင်းတံတား အဟောင်းဘက်ခြမ်း မိုးကြိုးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်ရာကနေ တနော်ကျွန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဒေသခံတွေအဆိုအရ သိမ်ဇရပ်မြို့ထွေအုပ်ရုံးကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့တိုက်ခိုက်မှုအပေါ် စစ်ကောင်စီကနေ လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် တနော်ကျွန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီခန့် ရာအိမ်မှူးဦးကျော်မြင့်အပါအဝင် ဒေသခံတွေဖြစ်တဲ့ ကိုအောင်ကို၊ ကိုအောင်ဆန်းဦးနဲ့ ကိုကျော်လင်းထွန်းတို့ကို ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့တာပါ။
ဒါ့အပြင် ဒေသခံတွေဖြစ်တဲ့ ကိုအောင်သူ၊ ကိုနေလင်းထွန်း၊ ကိုဟန်ထွန်းအောင်၊ ကိုဖိုးစိန်ပါ ၇ ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသွားတဲ့ ဒေသခံတွေကို မြစ်ကျိုးတိုက်နယ်ဆေးရုံနဲ့ ပဲခူးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးရုံး တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ အရာရှိ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောဆိုတာတွေ ရှိပေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ