သံတောင်ကြီး၊ နိုဝင်ဘာ ၈
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ ယာဒိုဒေသတိုက်ပွဲကြောင့် ၄ လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာတယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်ကြီးမြို့နယ်အတွင်းရှိ ယာဒိုကျေးရွာအုပ်စုတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ရက်အတန်အကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပြီး ယာဒိုဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရတာဖြစ်တယ်လို့ KNU တောင်ငူခရိုင် တပ်မဟာ ၂ က ကနဦးမှာ သတင်းထုတ်ပြန်ထားတာပါ။
လက်ရှိကာလမှာ ယာဒိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခြေအနေတည်ငြိမ်လာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူအချို့ ယာဒိုကျေးရွာထဲ ပြန်နေထိုင်ကြပေမယ့် ပြည်သူအချို့ကတော့ နီးစပ်ရာတောတောင်တွေထဲမှာ ခိုလှုံနေကြဆဲဖြစ်သလို အခက်အခဲတွေနဲ့ နေထိုင်သွားလာနေကြရတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ထုတ်ပြန်ပါတယ်။
ယာဒိုစစ်ရှောင်ပြည်သူတစ်ဦးက စားနေဝတ်နေရေးအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရပေမယ့် နောက်ပိုင်းမှာ ထမင်းတစ်နပ်စားဖို့ပင် အတော်လေးအခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တောတောင်တွေထဲ ခိုလှုံနေထိုင်နေကြရတဲ့ ယာဒိုစစ်ရှောင်ပြည်သူတွေဟာ ဖျားနာနေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးနေပြီး ဆေးဝါးမလုံလောက်တာတွေရှိနေတယ်လို့ KNGY က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ထားချက်အရ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေဒေသအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ရှိနေပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media