ကောလင်း၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းရဲ့ ခရိုင်အဆင့်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားကောင်း မွန်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကောလင်းမြို့ပေါ်က စစ်ကောင်စီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝင်းထဲ တပ်စွဲထားတဲ့နေရာသုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ကြတာပါ။

ကောလင်းမြို့ရှိ စစ်ကောင်စီတပ်တွေကို သုံးရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် ခရိုင်အဆင့်ရှိတဲ့ မြို့တစ်မြို့ကို ပထမဦးဆုံးသိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ကောလင်းမြို့သိမ်းတိုက်ပွဲကို အကောင်အထည်ဖော်နိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေးအတွက် တွန်းအားတစ်ခုဖြစ်စေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာတိုက်ပွဲတွေ ဦးတည်လာနိုင်တယ်လို့ ပြောပါတယ်။

“ကောလင်းမြို့သိမ်းတိုက်ပွဲကို အကောင်အထည် ဖော်နိုင်လိုက်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးနဲ့ မြောက်ပိုင်းအဖွဲ့တွေ စတင်ပြီးတော့ လက်ချင်းဆက်မိကြပြီလို့ ကျွန်တော်တို့ ယူဆရပါတယ်။ အဲဒါဟာ အခုမြန်မာပြည်တဝှမ်းလုံးကနေ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကို တွန်းအားပေးပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ တပြည်လုံးဆိုင်ရာမဟာဗျူဟာ တည်ဆောက်ရေးကို ဦးတည်သွားလိမ့်မယ်လို့ ရည်ရွယ်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

ကောလင်းမြို့သိမ်းပိုက်နိုင်မှုဟာ နွေးဦးတော်လှန်းရေးစတင်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအနေနဲ့ မြို့သိမ်းတိုက်ပွဲတစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က စတင်အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း လက်နက်ခဲယမ်း အကန့်အသတ်ရှိတဲ့ကြားက ကောလင်းမြို့ကို သိမ်းပိုက်နိုင်တာဟာ စစ်ရေးနဲ့စိတ်ဓာတ်ရေးရာ အောင်မြင်မှုဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အလယ်ပိုင်းမှာတိုက်နေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မဟာမိတ်တော်လှန်ရေးအင်အားစုတွေအတွက်က လက်နက်ခဲယမ်းဆိုတာ အကန့်အသတ်နဲ့ရှိတယ်။ အကန့်အသတ်နဲ့ရှိတဲ့ထဲကကို လက်နက်အင်အား အင်မတန်သာလွန်တဲ့ ရန်သူစစ်ကောင်စီကို အောင်အောင်မြင်မြင် ချေမှုန်းသုတ် သင်ပြီးတော့ ခရိုင်မြို့ကြီးတစ်မြို့ကို သိမ်းနိုင်တယ်ဆိုတာက စစ်ရေးစွမ်းရည်အရရော၊ စိတ်ဓာတ်ရေးရာအရရော၊ အင်မတန်ကို အားသာနေတယ်။ စိတ်ဓာတ်ရေးရာမှာ အမြင့်ဆုံးကိုရောက်နေလို့သာ ဒီလိုသိမ်းနိုင်တာဖြစ်တယ် ” လို့ ပြောကြားခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် အရပ် သားသေဆုံးမှု ၁၀ဦး ထက်မနည်းရှိနေပြီး ဒေသခံအနည်းဆုံး ၁၅၀၀ ကျော် မြို့ထဲပိတ်မိခဲ့တယ်လို့ ကောလင်းတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပိတ်မိတဲ့ဒေသခံပြည်သူတွေကို နိုဝင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရှာဖွေကယ်ထုတ်ပေးခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ မြို့တစ်ခုလုံး လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်ဆင်နွှဲလာနိုင်တဲ့အတွက် အထူးသတိထားဆောင်ရွက်ကြဖို့ သတိပေးပါတယ်။

“အင်အားလည်း တခြားနေရာတွေကနေ လက်လွှတ်လို့မရဘူး။ ဒီမြို့ကိုပဲအဆုံးရှုံးခံပြီးတော့ ဒီမြို့မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် အကုန်လုံးကိုပေါ့နော်။ ရောပြီးသိမ်းကျုံးပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲမလား။ ဒါမှမဟုတ် လက်နက်ကြီးပစ်ကူပေါ့နော်။ ဒီလိုမျိုးတွေက ပိုပြီးဖြစ်လာနိုင်တယ်ပေါ့နော်။ လေယာဉ်နဲ့ဗုံးကြဲတာက တိုက်ပွဲဖြစ်နေတဲ့အချိန်လဲ ကြဲနေတာပါပဲ။ အခုကကျတော့ သူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့ ယန္တရားတွေ အကုန်ဆုံးရှုံးသွားပြီ။ ဒီအနေအ ထားမှာ ရန်သူ့လက်ကို လက်လွှတ်လိုက်ရတဲ့ မြို့ဖြစ်တဲ့အတွက် ဒီလိုမျိုးအဓိကကျတဲ့နေရာတွေကို ဗုံးကြဲတာတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲမစခင်က ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ညီနောင်မဟာမိတ် ၃ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်ထဲတိုက်ခိုက်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို သိမ်းယူထားပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်တပ်အတွက် အရေးပါတဲ့မြို့ ၃မြို့ဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကို လုံးဝလက်လွှတ်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ကောလင်းတိုက်ပွဲကစလို့ နောက်ထပ်မြို့တွေကိုပါ ဆက်လက်သိမ်းပိုက်ပြီး ပြည်သူ့လက်ထဲ ပြန်လည်အပ်နှင်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက် ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ခမ်းပါတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG/Kawlin PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.