ဖာပွန်၊ နိုဝင်ဘာ ၇
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာလ ၁ လတာအတွင်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဒေသထဲမှာ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲအကြိမ်ပေါင်း ၈၇ ကြိမ်ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၁ ဦးသေဆုံးပြီး ၅၁ ဦး ဒဏ်ရာရရှိခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က ရဲဘော် ၄ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအနေနဲ့ စစ်သုံးလေယာဉ်ဂျက်ဖိုက်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ပေါင် ၅၀၀ ကျော်ရှိ ကလက်စတာဗုံး ၄ လုံး ပစ်ခတ်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်မှုအနေနဲ့ ၁၂၀ မမ ၊ ၆၀ မမ စတဲ့ လက်နက်ကြီးကျည် စုစုပေါင်း ၂၀ လုံး ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်လုပ်ဆောင်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေ ၉၁၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU