မော်လမြိုင်၊ နိုဝင်ဘာ ၇
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း လမ်းခရီးကြန့်ကြာမှုတွေကြောင့် စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်သုံးဆီ သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ညောင်ခါးရှည်ကျေးရွာအနီးမှာရှိတဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ဖြစ်နေတာပါ။
စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ အရင်က X-Ray စစ်ဆေးရေးဂိတ်မှာ တစ်ရက်လျှင် ၄ နာရီ ဝန်းကျင်လောက်သာ စောင့်ဆိုင်းရပေမယ့် ဒီရက်ပိုင်းအတွင်း အနည်းဆုံး ၉ နာရီကနေ အခန့်မသင့်ရင် တစ်ရက်လုံးစောင့်ဆိုင်းရတာပါ။
စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက စက်သုံးဆီတွေကို ခွဲတမ်းစနစ်နဲ့ ပုံမှန်အတိုင်းရောင်းချပေးပေမယ့် လမ်းခရီးကြန့်ကြာမှုတွေကြောင့် စက်သုံးဆီအချိန်မီ မရောက်တဲ့အတွက် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာလို့ ပြောပါတယ်။
“ခွဲတမ်းတွေကတော့ နဂိုအတိုင်း ပုံမှန်ချပေးတယ်။ ညောင်ခါးရှည်မှာ ကားတွေကပိတ်တယ်။ သူတို့ လုံခြုံရေးကြောင့် ခဏနေပိတ်ပြန်ပြီ။ အဲဒီမှာ ကားတွေကအစီးထောင်နဲ့ချီပြီး လမ်းကြောင်းတွေက ပိတ်ပြီးတော့ ဆိုင်တွေကို သူ့အစီအစဉ်နဲ့သူ မရောက်ကြဘူး။ ကားတွေကပိတ်ပြီး ဆီဆိုင်တွေဆီမရောက်ဘူး။ တစ်ဆိုင်ကိုရောက်ရင် တစ်ဆိုင်မှာလူတွေက စုပြုံပြီးဝယ်လိုက်၊ အဲဒီဆိုင်ပြတ်ရင် နောက်တစ်ဆိုင် ကားထပ်ရောက်ရင်သွားဝယ်နဲ့ လိပ်ပတ်မလည်ဘူး ဖြစ်နေတယ်။ ညောင်ခါးရှည်ရောက်ရင် ရှစ်နာရီ၊ ကိုးနာရီလောက်ကြာတယ်၊ တစ်ခါတလေကျရင် တစ်ရက်လုံးလုံးမဖြတ်ရဘူးလေ ကားကြီးတွေက”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ ပွင့်လင်းရာသီရောက်ရှိပြီး ဖြစ်တာကြောင့် ခရီးသွားလာမှုများတဲ့အတွက် စက်သုံးဆီဝယ်လိုအားမြင့်တက်နေသလို စစ်ကောင်စီထံကနေ လိုသလောက် ဝယ်ယူလို့မရဘဲ ခွဲတမ်းနဲ့သာ ရရှိနေတာကြောင့် ပြတ်လပ်မှုနဲ့ကြုံနေရတာလို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်အပါအဝင် နယ်မြို့တွေမှာတော့ 92 နဲ့ 95 အမျိုးအစား ဓာတ်ဆီပြတ်လပ်မှု အများဆုံး ကြုံတွေ့နေရပြီး တချို့ဆိုင်တွေမှာတော့ ပရီမီယံအမျိုးအစား ဒီဇယ်တွေကအစ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့မရတဲ့ အခက်အခဲကြောင့် လူနာတွေကို သယ်ယူပို့ဆောင်ဖို့ကအစ အခက်ကြုံနေရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိအနေအထားကတော့ မုတ္တမက ကျွန်တော်တို့ထည့်နေကြ DENKOမှာလည်း ဆီမရှိနေဘူး၊ ၉၂တို့ ၉၅တို့၊ ပရီမီယံဒီဇယ်တို့ မရှိနေဘူး။ ဆီလိုချင်သလောက် မရဘူးဆိုရင်တော့ သွားရလာရတာတော့ တိုင်ပတ်တာပေါ့လေ။ မနေ့က ၉၂၊ ၉၅ရော ပြတ်တယ်ဆိုတော့ ဒီဇယ်ကားကို ယူသုံးနေရတာပေါ့။ အခက်အခဲတွေ ဖြစ်တာပေါ့။ ဓာတ်ဆီကားနဲ့ သွားမယ်ဆိုရင် လမ်းမှာဆီဝယ်လို့ ရလားမရလားပေါ့။ အဲဒီပြဿနာတက်မှာ စိုးရိမ်နေတာနဲ့ ဓာတ်ဆီကားတွေသုံးလို့မရဘဲ ဒီဇယ်ကားတွေ ပြန်သုံးနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဆိုင်တော်တော်များများမှာ ထည့်မရဘူးလို့ သိရတယ်”လို့ ဆိုပါတယ်။
စက်သုံးဆီပြတ်လပ်မှုကြောင့် ပြည်သူတွေဟာ စက်သုံးဆီရှိတဲ့ အရောင်းဆိုင်တွေမှာ အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းဝယ်ယူနေရပြီး မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှု ဖြစ်ပေါ်ပါက အချိန်နဲ့တပြေးညီ တင်ပြကြဖို့နဲ့ ဆီပြတ်လပ်မှုမဖြစ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ စက်သုံးဆီဆိုင်တွေကို အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီပြတ်လပ်မှုကို စစ်ကောင်စီ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံ တင်ပြထားပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
မွန်ပြည်နယ်ဟာ အာဏာသိမ်းကာလအတွင်း တခြားတိုင်းနဲ့ပြည်နယ်နည်းတူ ဈေးနှုန်းကြီးမြင့်မှုနဲ့ စက်သုံးဆီ ပြတ်လပ်မှုကို မကြာခဏရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT