ဆော – နိုဝင်ဘာ ၇
မကွေးတိုင်း၊ဂန့်ဂေါခရိုင် ဆောမြို့နယ်မှာ စစ်ကောင်စီက ခရစ်ယာန် အချိန်ပိုင်း ဓမ္မဆရာ ဦးမန်ကွီးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက ကန်ပက်လက်မြို့ကနေ ဆောမြို့နယ်ကို ဖြတ်သွားစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နှစ်ဦးကျည်ထိကာ လေးဦး ဖမ်းဆီးခံထားရပြီး ကျည်ထိခဲ့သူတွေဟာ သားအဖ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ဖြတ်အသွားမှာ စခတွေက ဝိုင်းပစ်တာ။ အဖေကအရင်ကျတယ်ပြောတယ်။ သားဖြစ်သူက အဖေကို သွားကောက်တဲ့အချိန်ထပ်ပစ်ခံရတယ်လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အဖမ်းခံရတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆောမြို့ပေါ်မှာ စစ်ရေးအခြေအနေတွေတင်းမာနေတဲ့အတွက် ဒေသခံ တွေဟာ မြို့ကိုစွန့်ခွာနေကြသလို စစ်ကောင်စီတပ်ကလည်း သူတို့နဲ့ နီးစပ်သူတွေကို နေအိမ်တွေက ရှောင်နေကြဖို့ အသိပေးထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ယောအလင်းတန်းကတော့ ဆောမြို့ပေါ်က စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ကန်ပက်လက်လက်မြို့ ဆယ်မိုင်ကုန်းဘက် က အချိန်ပိုင်း ဓမ္မဆရာ ဆရာမန်ကွီး သေဆုံးသွားပြီး သူ့ရဲ့ သားဖြစ်သူဟာလည်း လည်ပင်းမှာ ကျည်ထိမှန်ခဲ့တာကြောင့် ကုသဖို့ မလွယ်ကူဘူးလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရသူ ၄၂၀၀ နီးပါးရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ