ကနီ၊ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးမှာ သောင်တင်နေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG-PDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ထောက်ပို့သင်္ဘောနှစ်စီးကို မနေ့ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် အချိန် တစ်နာရီအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျောက်လုံးကြီး KLG-PDF က တစ်စုံ တစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီ ထောက်ပို့သင်္ဘောနှစ်စီး တိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်တာ မရှိဘူးလို့ ဆိုထားပါတယ်။
ဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23၊ KLG PDF နဲ့ ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KLG-PDF