ကော်သူးလေ၊ နိုဝင်ဘာ ၅
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၇ သိန်းကျော်အထိ တိုးလာတယ်လို့ KNU ဗဟိုရဲ့ နိုဝင်ဘာ ၃ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ပြည်သူလူထု ၇ သိန်းကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာရပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
အဲဒီထဲမှာ အခုနှစ်ဇန်နဝါရီကနေ စက်တင်ဘာလအထိ ၉ လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၄၀ ကျော် သေဆုံးခဲ့ကာ ၄၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေ ၁၈၄၇ ကြိမ်ထက်နည်း ကျူးလွန်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထုပိုင်နေအိမ် ၁၅၈၄ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၈၅ လုံး၊ ဆေးရုံးဆေးပေးခန်း ၆ လုံး၊ စာသင်ကျောင်း ၁၀ ကျောင်း၊ ဘာသာရေးကျောင်းအဆောက်အဦး ၃၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၃၆၅ ကြိမ်ထက်မနည်း ကျူလွန်းထားတယ်လို့ KNU ဆိုပါတယ်။
အခုနှစ်အတွင်းမှာ ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးမှုနဲ့ ဖမ်းဆီးသတ် ဖြတ်မှု ၄၄ ကြိမ်ခန့် ပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာပေါင်း ၄၃ ရွာက ပြည်သူလူထု ၁၃၀ ထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ၃၀ ဦး သတ်ဖြတ်ခံခဲ့ရသလို ပြည်သူ ၃ ဦးကိုလည်း ပေါ်တာအဖြစ် ခိုင်းစေအသုံးပြုတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU