လွိုင်ကော် – နိုဝင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တပ်ရင်းအမှတ် ၆၀၆ ကိုဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်ပြီး ရှမ်းမြောက်ဒေသကိုဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသလို စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက် နေတယ်လို့ KNDF က နိုဝင်ဘာလ ၃ ရက်နေ့က အသိပေးထားပါတယ်။

KNDF ဟာ တပ်ရင်းအမှတ် ၆၀၆ ကို ရှမ်းမြောက်တိုက်ပွဲတွေအတွက် သီးသန့် ထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးပူးပေါင်းတိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

“KNDF အမှတ် တပ်ရင်း ၆၀၆ ကတော့ ကျွန်တော်တို့ မြောက်ပိုင်းမှာရှိတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ အဲဒီမှာရှိတဲ့ ေတာ်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သီးသန့်ဖွဲ့စည်းထားတဲ့ တပ်ရင်းဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ပြောခဲ့သလိုပဲ စစ်ရေးအရပူးပေါင်း ဆောင်ရွက်ဖို့အတွက် အခုမြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ရခြင်းဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

တပ်ရင်းအမှတ် ၆၀၆ ကို စစ်ဆင်ရေးမစခင်တည်းက စုဖွဲ့ထားတာဖြစ်ပြီး လက်ရှိရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေအတွင်း ဘယ်နယ်မြေတွေမှာ ပါဝင်တိုက်ခိုက်နေတယ်ဆိုတာကိုတော့ အသိပေးလို့မရသေးဘူးလို့ KNDF တာဝန်ရှိသူတွေက ဆိုထားပါတယ်။

လက်ရှိရှမ်းမြောက်တိုက်ပွဲတွေမှာ KNDF ရဲဘော်အင်အား ၂၀၀ ကနေ ၃၀၀ ကြားပါဝင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေမှာ ညီနောင်မဟာမိတ်တွေက စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို သိမ်းယူထားသလို မြို့ ၄ မြို့ကိုလည်း သိမ်းယူထားနိုင်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို သိမ်းပိုက်ခံနေရတဲ့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ခိုက်မှုတွေကို ပြန်လည်ချေမှုန်းသွားမှာဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.