မော်လမြိုင်၊ နိုဝင်ဘာ ၅
မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သည်တွေ ဝယ်ယူမှုမရှိတော့တဲ့အတွက် ဈေးနှုန်းဆက်တိုက် ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားတာပါ။
နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားတဲ့အတွက် နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ မွန်ပြည်နယ်ရဲ့ ရော်ဘာဈေးကွက်မှာလည်း ရော်ဘာတစ်ပေါင်ကို ကျပ် ၁၈၀၀ ဝန်းကျင်ကနေ ကျပ် ၁၅၀၀ အထိ ဈေးနှုန်းဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။
ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ တိုက်ပွဲတွေကြောင့် ရော်ဘာအဓိက တင်ပို့ရောင်းချနေတဲ့ နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အကုန်ပိတ်သွားတာ၊ တရုတ်ဘက်က ရော်ဘာဝယ်ယူမှု မရှိတော့အတွက် ဈေးနှုန်းဆက်တိုက်ကျဆင်းလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ရော်ဘာက ကုန်ပို့လမ်းတွေ အားလုံးပိတ်နေတော့ ဝယ်သူမရှိဘူး။ မရှိလို့ ဈေးကျတာပေါ့ဗျာ။ တ ရုတ်လည်း လာလို့မရဘူး။ ထိုင်းလည်း ဝင်လို့မရဘူး။ အဲဒီလိုဖြစ်နေတယ်။ လမ်းကြောင်းတွေက အကုန်ပိတ်သွားတယ်လေ။ မူဆယ်လမ်းကြောင်းကို အဓိကပို့နေတဲ့ တရုတ်လမ်းကြောင်းကလည်း အကုန်ပိတ်။ ထိုင်းကိုပို့နေတဲ့ လမ်းကြောင်းတွေလည်းပိတ်တော့ ကျွန်တော်တို့ အဖြေထုတ်လို့ မရဘူးပေါ့ဗျာ။ အမှန်တော့ ဒီအချိန်မှာ ကျွန်တော်တို့ ကမ္ဘာ့တန်ဈေးကလည်း အတက်ဘက်မှာ နည်းနည်းရှိနေပေမယ့် ကျွန်တော်တို့ ဒီဝယ်လက်မရှိတဲ့ အခါကျတော့ ဈေးတစ်ခုက ဖော်ဆောင်လို့ မပေါ်ဘူးပေါ့။ အကယ်၍ဝယ်သူက အဲဒီလိုမျိုး မဝယ်လာနိုင်ဘူးဆိုရင်တော့ ရော်ဘာဈေးကွက်က တော်တော်လေးကို မျှော်လင့်ချက်နည်းသွားမယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ ထွက်ရှိလာတဲ့ ရော်ဘာတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး အခုအခါမှာတော့ တိုက်ပွဲတွေကြောင့် ရော်ဘာတင်ပို့ဖို့ အခက်ကြုံနေရတာပါ။
လက်ရှိမှာတော့ ရော်ဘာလုပ်ငန်းရှင်တချို့ ရော်ဘာတွေကို ရေလမ်းကြောင်းကနေတင်ပို့ဖို့ ကြိုးပမ်းတာတွေ ရှိနေပေမယ့် ကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် လမ်းခရီးကြန့်ကြာမှုကြောင့် အခက်တွေ့နေတာ ဖြစ်ပါတယ်။
ရော်ဘာလုပ်ငန်းရှင် တစ်ဦးကလည်း ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုနေတဲ့အချိန်မှာ ရော်ဘာဈေးနှုန်းတွေ ထပ်မံကျဆင်းလာတဲ့အတွက် ရော်ဘာအထွက်နှုန်းပါ ကျဆင်းနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နယ်စပ်ကုန်သွယ်လိုင်း ပိတ်သွားလို့။ နောက်ပြီးတော့ မန္တလေး-မူဆယ်လမ်းလည်း ပိတ်ထားတဲ့ အ ခါ ကြိုပွိုင့်နဲ့ပဲလှုပ်ရှားရတာ။ အဲဒီမှာတောင် ဝယ်လက်ကမရှိ၊ ရောင်းလို့ကမရ ဈေးတွေကတဖြည်း ဖြည်း ပြုတ်ကျတာပေါ့။ တကယ်လို့များ ဈေးနှုန်းက ထပ်ကျမယ်ဟေ့ဆိုရင် သွင်းအားစုတွေက ဈေးမြင့်တယ်၊ လုပ်သားတွေက ဈေးမြင့်တယ်။ နောက်ပြီးတော့ ရော်ဘာခြံနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေအကုန်လုံးက အရမ်းကို ဈေးမြင့်နေတဲ့အခါကျတော့ ဒီဈေးတန်းကို ထပ်ကျသွားမယ်ဆိုရင် ရော်ဘာရဲ့ အထွက်နှုန်း ထက်ဝက်လောက်ကျသွားမယ်လို့ ထင်တာပေါ့နော်”လို့ ဆိုပါတယ်။
ရော်ဘာလုပ်ငန်းရှင်တွေဟာ အခုနှစ်ရော်ဘာရာသီအစမှာပဲ ကျွမ်းကျင်အလုပ်သမား ရှားပါးလာတာ၊ သွင်းအားစုဈေးနှုန်း ကြီးမြင့်မှုဒဏ် ခံစားနေရတဲ့အချိန် တိုက်ပွဲတွေကြောင့် ရော်ဘာဝယ်လက် မရှိတော့တဲ့ ပြဿနာကိုပါ ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းရှိ ရော်ဘာခြံတွေကလည်း ဒေသတွင်း တိုက်ပွဲတွေအပြင် နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရော်ဘာခြံအစေးခြစ် ဧကတစ်သိန်းကျော် လုပ်ငန်းရပ်နားထားကြတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
မွန်ပြည်နယ်ဟာ ရော်ဘာစိုက် ဧက ၅ သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေကာ ရော်ဘာကဏ္ဍကနေ အမေရိကန် ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT