မော်လမြိုင်၊ နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နေထိုင်နေတဲ့ CDM သားဖွားဆရာတစ်ဦးကို စစ်ကောင်စီက လူမှုကွန်ရက်မှာ အကြမ်းဖက်မှု ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေဟာ ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း ပစ်သတ်ခံရမှုအပေါ် သူရဲ့လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတာပါ။

အဲဒီနောက်စစ်ကောင်စီဟာ CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သားဖွားဆရာမ ဒေါ်ခင်ခင်ဝေဟာ ကျိုက်မရောမြို့နယ် ဘာဘူကုန်းကျေးရွာ ကျေးလက်ကျန်းမာ ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး CDM လှုပ် ရှားမှုမှာ ပါဝင်ထားတာပါ။

ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်မှာ ရေးဘီလူးအဖွဲ့က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးမှုကြောင့် အရပ်သား ၈၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getty Image

ပုံစာအညွှန်း – စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်နေစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.