ဘီးလင်း၊ နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ အရက်ဆိုင်မှာ စစ်ကောင်စီရဲတပ်သားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝင်းကနယ်မြေရဲစခန်းက ရဲတပ်သား ဇော်နိုင်ဝင်းဟာ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဦးပေါင်တိုအရက်ဆိုင်အတွင်းရှိနေချိန် အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ရဲတပ်သား ဇော်နိုင်ဝင်းဟာ လည်ပင်း၊ ပေါင်၊ လက်တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ရဲတပ်သားဇော်နိုင်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေ ပြုလုပ်ပြီး အလောင်းကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံထံ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သားဟာ ဘီးလင်းမြို့မရဲစခန်းကနေ ဝင်းကရဲစခန်းကို ပြောင်းလာတာ ၆ လဝန်းကျင်သာ ရှိသေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မွန်ပြည်နယ် ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ပေါင်မြို့မရဲစခန်းက နယ်ထိန်းရဲကိုကိုလွင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့တွေ မကြာခဏပစ်သတ်ခံနေရတဲ့အတွက် စစ်ကောင်စီက တစ်ဦးတည်း ရဲစခန်းအပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.