ထားဝယ်၊ နိုဝင်ဘာ ၅
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ပါးရိုက်ခဲ့တာကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကနေ စုံစမ်းသိရှိရပါတယ်။
အဲဒီထောင်ဆူပူမှုဟာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီအချိန် မနက်စာစားချိန်မှာ အကျဉ်းသားတစ်ဦးက ထမင်းပိုတောင်းရာကနေ ထောင်ဝန်ထမ်းက ပါးရိုက်ခဲ့တဲ့အတွက် ဖြစ်ပွားခဲ့တာပါ။
ထောင်ဝန်ထမ်းရဲ့ပါးရိုက်မှုကို ထောင်အာဏာပိုင်တွေက ဖြေရှင်းပေးတာ မရှိတဲ့အတွက် ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး အော်ဟစ်တောင်းဆိုအသံတွေဟာ ထောင်အပြင်အထိ ကြားနေရတယ်လို့ ဆိုပါတယ်။
ထောင်ဆူပူမှု နာရီဝက်နီးပါးအကြာ ဖြစ်ပွားပြီးနောက် ပြန်လည်ငြိမ်သက်သွားကာ ဆူပူမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ထောင်ဆူပူမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထားဝယ်အကျဉ်းထောင် အာဏာပိုင်တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ထားဝယ်အကျဉ်းထောင်ထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နက်ညှဉ်းပန်းတာအပြင် နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်တာတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်းကာလအတွင်း ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ဖမ်းဆီးအကျဉ်းကျခံနေရပြီး ထောင်ဒဏ်အနှစ် ၄၀ ကျော်အထိ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ ၂၅၀၀၀ ကျော် ရှိပြီး အဲဒီထဲမှာ ၁၉၀၀၀ ကျော်ဟာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ