လိုင်ဇာ၊ နိုဝင်ဘာ ၅

လူထုထောက်ခံမှု အားကောင်းတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေတဲ့ စစ်ကောင်စီကကချင်လွတ်လပ်ရေးတပ်မတော် KIA ကို လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လာပါတယ်။

စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းအဖြစ် အသုံးပြုနေတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ နိုင်ငံပိုင်းသတင်းစာပါဖော်ပြချက်အရ KIA အနေနဲ့ စစ်တပ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးအပေါ် လိုက်ပါခြင်းမရှိဘူးလို့စစ်ကောင်စီ က နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

ငြိမ်းချမ်းရေးညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းတွေ တိုက်ခိုက်တာမလုပ်ဖို့ စစ်တပ်အနေနဲ့အကြိမ်ကြိမ်ဆက်သွယ် အသိပေးခဲ့ပေမယ့် KIA ဘက်က စစ်တပ်ရဲ့ တပ်စုအဆင့်နယ်မြေလုံခြုံရေးယူနေတဲ့ စခန်းငယ်တွေကိုလည်း သာလွန်အင်အားအသုံးပြုပြီး အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ပတ်သက်တာ မပြုဖို့အသိပေးခဲ့ပေမယ့် KIA အနေနဲ့ စစ်တပ်ရဲ့ အသိပေးအကြောင်းကြားမှုအပေါ် မသိကျိုးကျွန်ပြုပြီးပါဝင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တော့ စစ်ကောင်စီအနေနဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ AA နဲ့ TNLA တို့ အင်အားကြီးထွားလာတဲ့အပေါ် စီစဉ်ညွှန်ကြားသူဟာ KIAဖြစ်လိမ့်မယ်ဆိုတဲ့အမြင်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းတာလို့ သုံးသပ်ပါတယ်။

“KIA ကို အကြောင်းပြပြီး AA နဲ့ TNLA အင်အားစုတွေဟာ အင်အားကြီးထွားလာတယ်ဆိုတဲ့အမြင် သူ့မှာ(စကစ) ရှိတယ်။ ဒါကြောင့် အဓိကဇာတ်ကောင် စီစဉ်ညွန်ကြားသူဟာ KIA ဖြစ်လိမ့်မယ်ဆိုတဲ့ အမြင်နဲ့ KIAကို တိုက်ခိုက်ဖို့ ကြိုးပမ်းတာပါ။ ဒါပေမယ့် သူ့အနေနဲ့ KIA ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ကြွေးကြော်လာတာတော့ ကြာပါပြီ။ အခုကတော့ ပိုပြီးတော့ သူ့အနေနဲ့ ခံရခက်တာပေါ့။ ဒါပေမယ့်ဒါကပါးစပ်ကပဲ ပြောနိုင်တာရှိပြီး လက်တွေ့ စစ်ရေးအခြေအနေကတော့ ရှုံးပြီးရင်းရှုံးဖြစ်နေတယ်”လို့ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ညီနောင်မ ဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်သာမက ကရင်၊စစ်ကိုင်းနဲ့ အခြားသော ဒေသတွေမှာ စစ်ရေးအရ အရေးနိမ့်လာနေတာပါ။

နိုဝင်ဘာ ၃ ရက်နေ့အထိ KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကိုင်းဘက်က စစ်ကောင်စီရဲ့တပ်စခန်းနဲ့ ရဲစခန်းပေါင်း ၁၈ ခုကို သိမ်းပိုက်ထားတယ်လို့ NUG ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

KIA အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေး မစတင်ခင်ချိန်ကတည်းက အခုနှစ်ဇူလိုင်လဆန်းပိုင်းကစပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်ရှိ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ ကြောင့် ဒီကနေ့အထိ နှစ်ဘက်စစ်ရေးတင်းမာနေတာပါ။

စစ်ကောင်စီကတော့ KIA အနေနဲ့ လက်နက်ခဲယမ်းစက်ရုံတွေ တည်ဆောက်ပြီး အဲဒီကနေ ထွက်ရှိလာတဲ့လက်နက်ခဲယမ်းတွေကို ကိုယ်တိုင်အသုံးပြုသလို ပြည်တွင်းရှိ အကြမ်းဖက်အဖွဲ့တွေကိုလည်းနောက်ကွယ်ကနေ ပံ့ပိုးကာ အားပေးအားမြှောက်လုပ်‌နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် KIA အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးစခန်းတွေကို ထပ်မံတိုက်ခိုက်လာရင် လိုအပ်တဲ့ပြန်လည်တုံ့ပြန်မှု တွေကို လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက တရားဝင် ကြေညာလာတာဖြစ်ပါတယ်။

CDM လေတပ် ဗိုလ်ကြီးဇေသူအောင်ကတော့တပ် ထောက်ခံသူတွေအကုန်လုံးက လိုင်ဇာကို ချေမှုန်းရင်KIA ရဲ့ လက်နက်ခဲယမ်းတွေ ပျက်သုဉ်းသွားပြီး AA နဲ့ PDF တွေဆီ လက်နက်လမ်းကြောင်းလည်းပြတ်တောက် သွားလိမ့်မယ်လို့ ယူဆထားတဲ့အတွက် KIA ကို တိုက်ခိုက်မယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ ထောက်ခံသူတွေအကုန်လုံးကနေပြီးတော့မှ လိုင်ဇာကိုချေမှုန်းလို့ရှိရင် KIA ရဲ့ အဓိကလက်နက်စက်ရုံတွေ ခဲယမ်းသိုလှောင်တဲ့ နေရာတွေအားလုံး ပျက်သုဉ်းသွားမယ်ဆိုလို့ရှိရင်ရက္ခိုင့်တပ်တော် AA တို့ PDF တွေဆီသွားနေတဲ့ လက်နက်လမ်းကြောင်းအားလုံးပြတ်တောက်သွားလိမ့်မယ်လို့ အကုန်လုံးက ယူဆထားတယ်။ အဲဒီအတွက်တိုက်ခိုက်ဖို့ဖိအားပေးနေတာလည်း အချိန်ကာလတော်တော်ကို ကြာခဲ့ပြီ။ အဲဒီလိုမျိုးဆိုတော့ အခုဟာကသေချာပေါက်တိုက်မယ်လို့ ယူဆရပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရှမ်းမြောက်နဲ့ ကချင်မှာ MNDAA ၊ TNLA နဲ့ KIAပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုအပေါ် တန်ပြန်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA ကို ချန်လှပ်ပြီး နိုဝင်ဘာ၂ ရက်နေ့မှာ ကြုံးဝါးထားတာပါ။

တစ်ဖက်မှာတော့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ တပ်စခန်းပေါင်း ၁၀၀နီးပါး သိမ်း ပိုက်ခံထားရပြီး မြို့ ၄ မြို့ လက်လွှတ်လိုက်ရတဲ့အပေါ် KIA ကို အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စွပ်စွဲထားပါတယ်။

စစ်ကောင်စီ စွပ်စွဲချက်အရ KIA က ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရေးနဲ့မဆိုင်တဲ့ လမ်း၊ တံတား ၈ ခုထက်မနည်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့အပြင် လုံခြုံ‌ရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး ပျက်စီးစေဖို့နဲ့လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်စေဖို့စတဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်မှု ယန္တာရားကို ထိခိုက်ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ် ဆောင်ခဲ့တာလို့ စစ်ကောင်စီကဝါဒဖြန့်တာပါ။

သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် စွပ်စွဲချက်တွေနဲ့ စစ်ရေးတုံ့ပြန်မှုအပေါ် KIAသတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ တယ်လီဖုန်းနဲ့ ငါးကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာရင် စစ်ရေးအရတားဆီး ပိတ်ဆို့ဖို့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသအတွင်း အများပြည်သူသွားလာတဲ့ လမ်း၊ တံတားတွေကိုဖျက်ဆီးလုပ်ဆောင်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.