နေပြည်တော်၊ နိုဝင်ဘာ(၄)

စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ကြွေးကြော်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ပိုင်းမှာ ဝါဒဖြန့်သတင်းစာဖော်ပြချက်အရ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပွဲခံနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုက်ပွဲတစ်ပတ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ လက်လွှတ်ခဲ့ရပြီးနောက် အခုလိုဖွင့်ဟလာတာပါ။

နိုဝင်ဘာ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်‌ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင်က သူခန့်အပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေကို Video Conference ကနေ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ရှမ်းမြောက်ဒေသမှာ MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့တွေက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်လာမှုနဲ့ ကချင်ပြည်နယ်မှာလည်း KIA က လမ်းပန်းဆက်သွယ်ရေး နယ်မြေလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောပါတယ်။

သူတို့အနေနဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး တန်ပြန်ချေမှုန်းမှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က တရားဝင်ထုတ်ပြောလာတာပါ။

ကိုးကန့်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ စစ်ကောင်စီတုံ့ပြန်လာမှုပေါ် ပြင် ဆင်မှုတွေကို အပြည့်အဝပြုလုပ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကနေပြီးတော့ တစ်ခုခုပြန်လည်လုပ်ဆောင်လာမယ်ဆိုတာ ကျွန်တော်တို့လည်း အမြဲတမ်းသတိထားမိပါတယ်။ သူတို့လည်း ပြောပြောနေကျပါ။ ကျွန်တော်တို့ဘက်ကလည်း ပြင် ဆင်မှုတွေတော့ အပြည့်အဝပြင်ဆင်ထားတာပေါ့”လို့သူက ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီဘက်ကနေ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ် ခတ်မှုတွေကို တန်ပြန်တိုက်ခိုက်နေတာလို့ လီကျာဝင်းက ဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဩဇာလွှမ်းမိုးမှုရှိတဲ့ တရုတ်အစိုးရကတော့ အပစ်ခတ်ရပ်စဲကြဖို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ဆွေးနွေးရေးနဲ့ဖြေရှင်းဖို့ တိုက်တွန်းထားတာပါ။

၁၀၂၇ စစ်ဆင်ရေးဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပါဝင်ခဲ့ကြတာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ တန်ပြန်ချေမှုန်းမှုမှာတော့ AA ကို ချန်လှပ်ထားခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ပူးပေါင်းအဖွဲ့နဲ့အတူ စစ်ကောင်စီကို ဦးဆောင်တိုက်ခိုက်နေသလို ကချင်ပြည်နယ်မှာလည်း KIA နဲ့အတူ ဂန်ဒေါင်ယန်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ပြောထားတာပါ။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ AA ကို နာမည်စာရင်းမသွင်းပေမယ့် တန်ပြန်ချေမှုန်းမယ်လို့ ပြောဆိုမှုဟာ AA ကို သက်ညှာတဲ့သဘော သက်ရောက်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တိုက်ပွဲမှာ AA အနေနဲ့ ပါဝင်တယ်ဆိုတာ လူတိုင်းသိနေတဲ့ ကိစ္စဖြစ်တယ်။ AA ကလည်း ထုတ် ဖော်ပြောဆိုထားတယ်။ ဆိုတော့အဲဒီလိုဖဲ့ထုတ်ပြီး AA မပါဘူးလို့ AA ကို နာမည်စာရင်းမသွင်းပေမယ့် တိုက်ပွဲဖြစ်လာတဲ့အခါ AA ကလည်း ပါနေတာပဲလေ။ ဒီလိုပြောခြင်းအားဖြင့်တော့ AA ကို သက်ညှာတယ်၊ ဒါမှမဟုတ် AA ကို မပါစေချင်ဘူးဆိုတဲ့ သဘောတော့ မသက်ရောက်ဘူးထင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်ပြောဆိုမှုဟာ တိုက်ရိုက်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အစည်းအဝေးကနေ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြတာဖြစ်တဲ့အတွက် AA ကို တမင်ချန်ထားခဲ့တာလားဆိုတာ သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်အနေနဲ့ အာဏာသိမ်းမှု ၃ နှစ်နီးပါးအတွင်း တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရပြီး ရှမ်းမြောက်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး က ချင်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်မှာလည်း အခုရက်ပိုင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

နိုဝင်ဘာ ၃ ရက်နေ့မှာလည်း မကွေးတိုင်းရှိ ဂန့်ဂေါခရိုင် မင်းရွာရဲကင်းစခန်းအပြင် စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေးနဲ့ ကောလင်းက မြို့မရဲစခန်းနဲ့ စစ်တပ်စခန်းတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

တစ်ရက်တည်းမှာပဲ ရှမ်းမြောက်က နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးလမ်းပိုင်းကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကိုလည်း လက်နက်ခဲယမ်းနဲ့အတူ တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က MNDAA ၊ TLNA နဲ့ KIA တို့ကို တန်ပြန်ချေမှုန်းရေးဟာ သေချာပေါက်တိုက်ခိုက်မှာဖြစ်ပြီး စစ်ဘောင်ပိုကျယ်လာလိမ့်မယ်လို့ CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်က သုံးသပ်ပါတယ်။

“သေချာပေါက်တိုက်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဘာကြောင့်လဲဆို သူတို့အနေနဲ့ ဒါကိုမှ မတိုက်ဘူးဆိုလို့ရှိရင် ထောက်ခံတဲ့သူတွေရဲ့ အပြစ်တင်မှုကို ထပ်ပြီးခံစားရမှာဖြစ်ပါတယ်။ အဲဒီအ တွက် သူတို့တိုက်ကိုတိုက်ပါလိမ့်မယ်။ ပိုပြီးတော့မှ စစ်ဘောင်ကျယ်လာမယ်။ အဲဒီအတွက် KIO ကို အဓိကထားပြီး ကချင်ပြည်နယ်မှာ စစ်ရှိန်ပိုပြီးမြင့်လာမယ်လို့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ အချိန်အတိုင်းတာတစ်ခုအထိယူပြီး စစ်ကူယာဉ်တန်းတွေကလည်း ဆက်လိုက်ဖို့ ရှိနေတာကြောင့် နောင်ချို – လားရှိုးအကျော်ကနေစပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ်လို့ သူကဆက်ပြောပါတယ်။

ကိုးကန့်အဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ထဲမှာတင် ပြီးသွားမှာမဟုတ်ဘဲ ပြည်သူလူ ထုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ဖော်ဆောင်သွားမယ်လို့ MNDAA ပြောခွင့်ရ လီကျာဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တစ်ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၉၅ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး မြို့လေးမြို့ကို ထိန်းချုပ်ထားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.