နမ့်ခမ်း၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၂ ခုနဲ့ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNL A က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောင်ခံ ဂျာယန်ပြည်သူ့စစ်စခန်းနဲ့ မိုင်းယန် ပြည်သူ့စစ်စခန်း ၂ ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
မနေ့ နိုဝင်ဘာ ၃ ရက် နေ့လည် ၂ နာရီအချိန်ကလည်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ဝါရော့တပ်စခန်းနဲ့ ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ ညကနေ ဒီနေ့ မနက်ပိုင်းအထိ နောင်ချိုမြို့နယ်၊ လယ်တောကြီး ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ နောင်ချိုအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါအပြင် စစ်ကောင်စီ သိန္နီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုင်းပါးတပ်စခန်းဘက်ကိုလည်း လက်နက်ကြီး ၇ လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် အဖွဲ့ MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ပြုတ်ကျရေး“၁၀၂၇ စစ်ဆင်ရေး”ကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။
စစ်ဆင်ရေးကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်က ဒေသခံပြည်သူလူထု ၃၂၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA