လားရှိုး၊ နိုဝင်ဘာ(၄)
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ၈ ရက်အတွင်း ရှမ်းပြည် နယ် မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အ မျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် ၁၈ ဦး သေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် ၁၈ ဦး သေဆုံးပြီး၊ အရပ်သားပြည်သူ ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် နေအိမ် ၈၀ လုံး အပါအဝင်၊ ဘာသာရေး အဆောက်အအုံ ၁၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ တွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလည်း လိုအပ်လျှက်ရှိကြောင်း ဒေသခံတွေကလည်း ပြောကြားထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၃၂၄၄၅ ဦး စစ်ဘေး ရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရက္ခိုင်တပ်မတော် (ULA/AA) တို့ ပူပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီး PDF ပူးပေါင်း တပ်တွေကပါ အဲဒီစစ်ဆင်ရေးမှာပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့သုံးမြို့အား လက်လွှတ်ထားရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်