ဘန်ကောက်၊နိုဝင်ဘာ ၅
လူပေါင်းသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းအစိုးရက ကယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ သီတင်းအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်း အတော်များများ တပြိုင်တည်း တိုက်ခိုက်ခံနေရတာပါ။
အဲဒီတိုက်ပွဲတွေအတွင်း မြန်မာ-တရုတ် ယူနန်နယ်စပ်အနီးက ချင်းရွှေဟော်မြို့အပါအဝင် မြို့ ၃ မြို့ကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင်စီက ဝန်ခံထားပါတယ်။
တိုက်ပွဲတွေကြောင့် လူပေါင်း ၂၃,၀၀၀ ကျော်ဟာ တရုတ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပြီး တရုတ်နိုင်ငံထဲ ထပ်မံဝင်ရောက်လာဖို့ စောင့်ဆိုင်းနေကြရတဲ့ မြန်မာစစ်ဘေးရှောင် အများအပြား ရှိနေတယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အပစ်ရပ်ဖို့ တိုက်တွန်းထားပြီး ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာပြီး နယ်စပ်တည်ငြိမ်ရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံအတွင်းက စစ်အာဏာရှင်အုပ်ချုပ်မှုကို ဖြုတ်ချရေး ရည်ရွယ်ပြီး စစ်ကောင်စီ အကာအကွယ်ပေးထားတဲ့ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေကို ချေမှုန်းဖို့လည်း ပါဝင်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကူညီပေးနိုင်ဖို့နဲ့ လုံခြုံတဲ့နေရာမှာ ထားပေးနိုင်ရေး ဆောင်ရွက်နေသလို တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ထိုင်းအပါအဝင် တခြားနိုင်ငံသားတွေလည်းပိတ်မိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ထိုင်းနိုင်ငံသားတွေဟာ ဘာတွေလုပ်နေတယ်ဆိုတာ မသိရပေမယ့် လုပ်ငန်းအမျိုးအစား တော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖွယ်ရှိ တယ်လို့ ဆိုထားပါတယ်။
လက်တလော အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိသေးပါဘူး။
Ref – Reuters